CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ခိုင်ရဲခိုင်(ဥက္ကဋ္ဌ) ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်း တက်ရောက်ခဲ့မှုအပေါ် ALP ပါတီနှင့် မသက်ဆိုင်ကြောင်း ခိုင်စိုးနိုင်အောင် ဦး‌ဆောင်သည့် ALP အဖွဲ့ က ထုတ်ပြန်ကန့်ကွက်ခြင်းကြောင့် အငြင်းပွားနေသည်။

ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ခိုင်ရဲခိုင်(ဥက္ကဋ္ဌ) ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်း တက်ရောက်ခဲ့မှုအပေါ် ALP ပါတီနှင့် မသက်ဆိုင်ကြောင်း ခိုင်စိုးနိုင်အောင် ဦး‌ဆောင်သည့် ALP အဖွဲ့ က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ALP ပါတီသည် ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အစုအဖွဲ့နှင့် ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ) ဦးဆောင်သော အစုအဖွဲ့ နှစ်ခုဖြစ်နေပြီး ALP ပါတီ ကိုယ်စားပြုမှုတွင် အငြင်းပွားလျက်ရှိသည်။

ဒေါ်စောမြရာဇာလင်း အနေဖြင့် ALP ကိုယ်စားပြု တက်ရောက်ခြင်းကို သဘောမတူကြောင်း၊ ပါတီ၏ ဗဟိုကော်မတီများ၏ သဘောထား မပါသည့်အတွက် အကျုံးမဝင်ကြောင်း ခိုင်စိုးနိုင်‌အောင်(ဒုဥက္ကဋ္ဌ) ဦး‌ဆောင်သည့် ALP မှ အထွေထွေအတွင်း ရေးမှူး ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “ကျနော်ကတော့ Statement မှာ ပါတဲ့အတိုင်းပါ Statement ကို အစည်းအဝေး ကျနော်တို့ နိုင်ငံရေး ဦး‌ဆောင် ကောင်မတီက အစည်းအဝေး ၂ ရက်တိုင်တိုင် ကျင်းပခဲ့ပြီးမှ ဒီ Statement ထွက်လာတာ ဖြစ်တယ်၊ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ ပြောတာပါ။ လက်ရှိသူတို့ဖက်က ပါတီရဲ့ ALP ပါတီရဲ့ စုဖွဲ့မှု အစုအဖွဲ့နှစ်ခု ဖြစ်နေတာပေါ့၊ အစုအဖွဲ့မှု နှစ်ခုမှာ စောမြရာဇာလင်း သွားတက်တဲ့ စုဖွဲ့မှုက ဥက္ကဋ္ဌ ကိုယ်တိုင် မသိလိုက်ဘူး။ ဥက္ကဋ္ဌ ကိုယ်တိုင် ခွင့်ပြုချက် မပါဘူး အဲတာ တစ်ချက်။ နောက်ပြီးရင် ဒီဖက်က ဥက္ကဋ္ဌ ခိုင်စိုးနိုင်‌အောင် ဦးဆောင်တဲ့ စုဖွဲ့မှုကလည်း ရခိုင်ပြည် လွတ် မြောက်ရေးပါတီရဲ့ နာမ်စားကို သုံးတာကို လုံးဝသဘောမတူဘူး၊ အဲဒါကြောင့် ကျနော်တို့က ဒီဘက်က ပါတီဝင်တွေရဲ့ သဘောထားမပါ၊ ပါတီဗဟိုကော်မတီတွေရဲ့ သဘောထားမပါပဲ သွားတက်တာ ဖြစ်တဲ့အတွက် ဒါဟာ အကျုံးမဝင်ဘူးလို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်”ဟု ပြောသည်။

ဒေါ်စောမြရာဇာလင်းကိုတွေ့ရစဉ်

ဒေါ်စောမြရာဇာလင်း အနေဖြင့် ၎င်း၏ ဝန်ထမ်းနှစ်ဦးနှင့်အတူ အခမ်းအနား တက်ရောက်ခြင်း၊ ဆွေးနွေးပွဲတွင် ပါဝင်ခြင်း၊ ALP ပါတီ၏ ဒုတိယဥက္ကဋ္ဌဟု ဖော်ပြခြင်းသည် ALP ပါတီနှင့် မသက်ဆိုင်ကြောင်း ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ) ဦးဆောင်သည့် အစုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်စောမြရာဇာလင်းနှင့်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက်က နစက-က ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့သလို ဖေဖော်ဝါရီ ၁၃ ရက်တွင် နစက၏ NSPNC ကိုယ်စားလှယ်အဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဒေါ်စောမြရာဇာလင်းကတော့ ALP ပါတီ၏ တာဝန်ပေးခြင်းအရ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိနှင့်အတူ တက်ရောက်ကြသူများမှာ မိမိရဲ့ ဝန်ထမ်းများ မဟုတ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းက “ကျမတို့က ပါတီရဲ့ တာဝန်ပေးခြင်းအရ ပါတီဗဟိုကော်မတီတစ်ခုလုံးက တာဝန်ပေးချက်အရ သွား တာ ဖြစ်ပါတယ်၊ ကျမတို့က ပင်မ ALP ပါ၊ ကျမတို့ အသစ်ဖွဲ့လိုက်တဲ့ အမည်ခံ ALP မဟုတ်ဘူး။ ကျမတို့က လုံးဝတရားဝင် တယ်၊ ကျမတို့က ခိုးကြောင်ခိုးဝှက် သွားတက်စရာလည်း မလိုဘူး။ အဲဒီ Statement မှာ တွေ့တာက ကျမရဲ့ ဝန်ထမ်း နှစ်ယောက်နဲ့ သွားတက်တယ်လို့ ပြောတယ်၊ ကျမနဲ့အတူပါသွားတာက ဗိုလ်ချုပ် ခိုင်စိုးမြ ပါသွားတယ်၊ ဗိုလ်မှူးကြီး ‌အောင်ဟိန်း ပါသွားတယ်၊ ဒုတိယဗိုလ်မှူးကြီး ခိုင်ဘိုလင်း ပါသွားတယ်၊ နောက်ပြီးတော့ ရန်ကုန်တိုင်း စည်းရုံးရေးမှူး ခိုင်သူရိန် ပါသွားတယ်၊ ကျမနဲ့အတူတူ။ အဲလိုအကြံပက်စက်စွာ လုပ်ကြံတဲ့အပေါ်မှာ ကျမအရမ်းရှုတ်ချတယ်” ဟု ပြောသည်။

ဒေါ်စောမြရာဇာလင်းကိုတွေ့ရစဉ်

ထို့အပြင် မိမိသည် ALP ပါတီ၏ ဒုတိယဥက္ကဋ္ဌ အမှန်ဖြစ်ကြောင်း၊ ဗဟိုကော်မတီ၏ တာဝန်ပေးချက်အရ ဒုဥက္ကဋ္ဌအဖြစ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အစုအဖွဲ့က ALP သည် လက်နက်ကိုင်လမ်းစဥ်ဖြင့် တိုက်ပွဲဝင်သွား ရန် သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ)ဉီးဆောင်သည့် အစုအဖွဲ့က ဥက္ကဋ္ဌအဖြစ် ခိုင်စိုးနိုင်အောင်၊ ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ခိုင်မာယုနှင့် ဗိုလ်မှူးကြီး ခိုင်ထွန်းဝင်းတို့က တာဝန်ယူမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ခိုင်ရဲခိုင်(ဥက္ကဋ္ဌ) ဦးဆောင်သည့် ခေါင်းဆောင်ပိုင်း တချို့က ပါတီ ဖွဲ့စည်းပုံနှင့် မညီဘဲ တရားမဝင် ထုတ်ပြန်ချက် ဖြစ်သည့်အတွက် ပါတီတွင်း သဘောထားကွဲလွဲမှု မဖြစ်ပေါ်စေရန် နိုင်ငံရေး ဦးဆောင်ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။