CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ် ဖာပွန်ဒေသတွင် ဖာပွန်မြို့ပေါ် ရပ်ကွက်အနည်းငယ်မှလွဲ၍ ကျန်ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ-၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက CNI သတင်းဌာနသို့ ပြောသည်။

ဖာပွန်မြို့ရှိ အရပ်ဘက် ဝန်ထမ်းအားလုံးထွက်ခွာရန် KNU တပ်မဟာ-၅ က ထုတ်ပြန်ပြီးနောက် ဝန်ထမ်းများ မြို့ပေါ်မှ ဆက်တိုက် ထွက်ခွာနေကြောင်း၊ အကြီးတန်း ထွေ/အုပ် ဝန်ထမ်းများသာ မြို့ပေါ်တွင် ကျန်တော့ကြောင်း ၎င်းက ပြောသည်။

ပဒိုမန်းမန်းက “အခြေခံအားဖြင့်တော့ ဖာပွန်မြို့ တစ်ဝိုက်လောက်မှာပဲ ကျနော်တို့ ပြောမယ်ဆိုရင်တော့ မြို့တွင်း တစ်ဝိုက် လောက်ပဲပေါ့၊ ရပ်ကွက် သုံးလေးရပ်ကွက် ငါးရပ်ကွက် စသဖြင့်ပေါ့၊ ကျန်တဲ့ နယ်ပိုင်းဆိုင်ရာ အားလုံးကတော့ ကနဦးထဲက တော့ ကျနော်တို့ KNU ရဲ့ အုပ်ချုပ်နယ်မြေ၊ ထိန်းချုပ်နယ်မြေ ဖြစ်ပြီးသားပဲ ဖြစ်တယ်ပေါ့၊ ဒီမြို့တွင်း တစ်ဝိုက်သာလျှင် ကျနော်တို့ အခု မထိန်းချုပ်နိုင်သေးတာ ဖြစ်တယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ်ကတော့ ဒီဖာပွန်မြို့တွင်း တစ်ဝိုက် မြို့ပေါ်အထိကို ကျ‌နော်တို့ မထိန်းချုပ်နိုင်ရင်တောင်မှ ကျနော်တို့ ဒီနေရာတွေအားလုံးက ကနဦးကတည်းက KNU ရဲ့ အုပ်ချုပ်နယ်မြေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီအပေါ်မှာတော့ လိုအပ်တဲ့ အုပ်ချုပ်မှု ယန္တရားကို ကျနော်တို့ ဆက်လက်ပြီးတော့ တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက်ကတော့ ကျနော်တို့ ဆက်ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့ပြောချင်ပါ တယ်”ဟု ပြောသည်။
နစက လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ၁၀ ရက်အတွင်း ဖာပွန်က ထွက်ခွာပေးရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က KNU တပ်မဟာ- ၅ က အသိပေး ထုတ်ပြန်ခဲ့သည်။

ပဒိုမန်းမန်းကိုတွေ့ရစဉ်

အဆိုပါ ထုတ်ပြန်မှုအပြီး ဝန်ထမ်းတချို့သည် ရေလမ်း၊ ကုန်းလမ်းတို့မှ တဆင့် ဖာပွန်မြို့မှ ထွက်ခွာနေကြကြောင်း ဒေသခံ များထံမှ သိရသည်။
တပ်မဟာ-၅ မှ ဖာပွန်ဒေသ အတော်များများကို ထိန်းချုပ်ထားနိုင်ပြီးဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး နစကသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

သို့သော် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မဟာ-၅ သည် ဌာနချုပ်မှာတောင် မနေရဲဘဲ ထွက် ပြေးနေရသည်ဟု NP News နှင့်အင်တာဗျူးမှာ ဖြေကြားထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်မဟာ ၅ ကိုပြောတယ်၊ တပ်မဟာ ၅ သူတို့ပြောနေတာ ဌာနချုပ်မှာတောင် မနေရဲဘူး။ တပ်မဟာ ၅ ပြေးနေရပြီး။ ဒီဘက်ကနေ တကယ်လုပ်တဲ့အခါမှာ တပ်တည်လို့ရမရ မသိနိုင်ဘူး။အဲတာ ပိုသိပါတယ်”ဟု NP News နှင့်အင်တာဗျူးမှာ ပြောထားသည်။
လက်ရှိ မြေပြင်တွင် တပ်မတော်ဘက်က လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး ဆက်လက်၍ ထိုးစစ်ဆင် တိုက်ခိုက်မည့် အခြေအနေရှိသည့်အတွက် မိမိတို့ အနေဖြင့်လည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။

KNU အနေနဲ့ NCA လက်မှတ်ရေးထိုးနေစဉ်

ထို့နောက် ဖေဖော်ဝါရီ ၁၄ ရက်က ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော် စစ်စခန်းများကို KNU တပ်မဟာ-၅ မှ တစ်ရက်အတွင်း ၃ ကြိမ် ဝင်ရောက် တိုက်ခိုက်မှု ပြုလုပ်ရာ တပ်မတော်ဘက်မှ ၇ ဦး ကျဆုံး၍ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ-၅ ၏ မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

ပဒိုမန်းမန်းက “စစ်ရေး သဘောအရကတော့ ထိုးစစ်ဆိုတာကတော့ ကျနော်တို့က ကဏ္ဍအလိုက်တော့ ပြင်ဆင်ရမှာပေါ့၊ စစ်ရေးတုံ့ပြန်မှု အပိုင်းကော ပြည်သူလူထုကိုလည်း သူတို့ရဲ့ ကူညီကယ်ဆယ်မှုက အစပေါ့၊ ဒါတွေ ကျနော်တို့ အတတ်နိုင်ဆုံး ပြင်ဆင်ထားရမှာဖြစ်တယ်၊ ပြင်ဆင်လည်း ပြင်ဆင်နိုင်တယ်၊ ဒီလိုပြင်ဆင်တယ်ဆိုတာကတော့ စစ်ရေးရဲ့ သဘောဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ကတော့ ဒါကတော့ အကုန်လုံးပြောလို့ မရဘူးလို့ပဲ ဖြစ်တယ်ပေါ့နော်”ဟု ပြောသည်။

KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် ကရင် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။