CNI International News

ကဘူးလ်၊ဖေဖော်ဝါရီ ၁၂

အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော်ကဘူးလ်ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီတွင် တာဝန်ကျနေစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော နိုင်ငံခြားသတင်းထောက်နှစ်ဦးကို တာလီဘန်တို့ ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

“UNHCR မှာ တာဝန်ကျတဲ့ သတင်းထောက်နှစ်ဦးကို ကဘူးလ်မှာ ပြန်လွှတ်ပေးလိုက်လို့ သူတိုနဲ့အလုပ်လုပ်နေတဲ့ အာဖဂန်နိုင်ငံသား ကျနော်တို့ဝန်ထမ်းတွေအတွက် စိတ်သက်သာရာ ရမိပါတယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီ၏ ဖေဖော်ဝါရီ ၁၁ ရက် သတင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ပြန်လွတ်လာသည့် သတင်းထောက်တစ်ဦးမှာ အာဖဂန်နစ္စတန်နိုင်ငံတွင် နှစ်ပေါင်း ၂၀ ခန့် လူသားချင်းစာနာမှု ဆိုင်ရာအကျပ်အတည်းအကြောင်း သတင်းယူခဲ့သူ ဗြိတိန်နိုင်ငံမှ ဘီဘီစီသတင်းထောက်ဟောင်း အင်ဒရူးနော့သ် ဖြစ်သည်။ အစောပိုင်းက ၎င်းကို ပြန်လွှတ်ပေးဖို့ ဇနီးဖြစ်သူ နာတာလီယာအန်တီလာဗာက တောင်းဆိုခဲ့ပြီး အင်ဒရူးသည် ကဘူးလ်မြို့တော်တွင် UNHCR အတွက် အလုပ်လုပ်နေရင်း အာဖဂန်ပြည်သူများကို ကူညီရန် ကြိုးစားနေစဉ် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်များအပေါ် အာဏာပိုင်များကို စိစစ်လုပ်ဆောင်ခဲ့ကြောင်း တာလီဘန်အစိုးရ ပြောခွင့်ရသူ ဇာဘီ ဟူလာမူဂျာဟစ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော် သတင်းထောက်အင်ဒရူးကို ချုပ်နှောင်ထားခြင်း အပေါ် အတိအကျထည့်သွင်း မပြောကြားခဲ့ပေ။ ကုလသမဂ္ဂအေဂျင်စီများသည် ကမ္ဘာတလွှား ၎င်းတို့လုပ်ငန်း ဆောင်တာများကို သတင်းထုတ်ပြန်ရန်အတွက် သတင်းထောက်များ အသီးသီးခန့်ထားလေ့ရှိသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အခြားသတင်းထောက်တစ်ဦးဖြစ်သည့် ဗြိတိန်-ဂျာမနီ သတင်းထောက်ဟောင်း၏မိတ်ဆွေများကလည်း ၎င်းကို ပြန်လွှတ်ပေးရန် တာလီဘန်အာဏာပိုင်များကို ဖေဖော်ဝါရီ ၁၁ ရက်တွင် တောင်းဆိုခဲ့ကြပြီး အဆိုပါနိုင်ငံခြားသတင်းထောက်နှစ်ဦးသည် မှားယွင်းစွာ ချုပ်နှောင် ထားခြင်းခံနေရသည်ဟု မိမိတို့ယူဆကြောင်း ပြောကြားခဲ့ကြသည်။

အဆိုပါသတင်းထောက်မှာ ပီတာဂျိုဗီနယ်လ် ဆိုသူဖြစ်ပြီး စီးပွားရေးနှင့်မိသားစုအရေးကြောင့် အာဖဂန်၌ရှိနေစဉ် ယမန်နှစ် ဒီဇင်ဘာလက ဖမ်းဆီးခံရကြောင်း ၎င်း၏မိတ်ဆွေများက ပြောကြားခဲ့ကြသည်။
“ဒီဇင်ဘာအစောပိုင်းက အာဖဂန်နစ္စတန်အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာခံရပြီးတော့ ပီတာဂျိုဗီနယ်လ်ရဲ့ မိတ်ဆွေ တွေဖြစ်တဲ့ ကျနော်တို့အနေနဲ့ သူ့လုံခြုံရေးကို အင်မတန်စိုးရိမ်မိပါတယ်” ဟု ၎င်း၏မိတ်ဆွေများက ထုတ်ပြန် ချက်တစ်စောင်တွင် ပြောကြားခဲ့ကြသည်။


Source: Aljazeera