CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့နှင့်အတူ ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့ NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့ သော်လည်း နိုင်ငံရေးပါတီများအား နစက-က ဖိတ်ကြားခြင်းမရှိကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်တွင်) ကျရောက်သည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကိုသာ နိုင်ငံရေးပါတီများအား ဖိတ်ကြားခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

 စိုင်းအိုက်ပေါင်းက “ငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ ကျနော်တို့ အဖိတ်မခံရဘူး၊ မဖိတ်ဘူး၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ပဲ”ဟု ပြောသည်။

NSPNC နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေ့ဆုံခဲ့စဉ်

စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခြင်းနှင့်အတူ  ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ရန် NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မရေး ထိုးရ သေးသည့် လက်နက်ကိုင်အဖွဲ့များကို နစက-က ဖေဖော်ဝါရီ ၆ ရက်တွင် ဖိတ်ခေါ်ထားသည်။

 ထို့နောက် ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်တွင်) ကျင်းပခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ NCA ထိုးထားသည့် လက် နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့တက်ရောက်ခဲ့ကြောင်း၊ NCA မထိုးရသေးသည့် အဖွဲ့များထဲမှ UWSA၊ NDAA၊ SSPP တို့ တက်ရောက်ခဲ့ကြောင်း၊ AA ကမူ ကိုယ်စားလှယ်စေလွှတ်သည်ဟု သတင်းများထွက်နေသော်လည်း AA ဘက်ကတော့ သီးခြား အတည်ပြုချက်မပေးပါ။

 ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နစကကြား ကြိုတင်ကန့်သတ်ချက်မရှိသော ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပကြမည်ဖြစ်သည်။

 အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ်တို့ ပြည်ထောင်စုနေ့အလွန်တွင် တွေ့ဆုံဆွေးနွေး ကြမည် ဟု ဇန်နဝါရီလ ၄ ရက်က CNI သတင်းဌာနသို့ ဒေါက်တာအေးမောင်က ပြောကြားထားသည်။