CNI International News

ထရီပိုလီဖေဖော်ဝါရီ ၁၂

မြောက်အာဖရိနိုင်ငံ တစ်နိုင်ငံဖြစ်သည့် လစ်ဗျားနိုင်ငံရေးအကျပ်အတည်း ပြင်းထန်လာခြင်းကို အဆုံးသတ်နိုင်ရန် လစ်ဗျား ဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒီဘိုင်ဘတ်က ရွေးကောက်ပွဲဥပဒေအသစ် ရေးဆွဲဖို့ ကတိပြုခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်း ဌာနက ရေးသားဖော်ပြသည်။

လစ်ဗျားနိုင်ငံတွင် ထိပ်တန်းဦးစားပေးအဖြစ် တိုင်းပြည်တည်ငြိမ်ရေး ဆက်လက်ထိန်းသိမ်းကြရန် အစိတ်အပိုင်းအားလုံးကို ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က ဖေဖော်ဝါရီ ၁၁ ရက်၌ တောင်းဆိုခဲ့ပြီးနောက် တဆက်တည်းမှာပင် ယခု ကဲ့သို့ ဝန်ကြီးချုပ်၏ ကတိကဝတ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း လစ်ဗျားနိုင်ငံ၌ စင်ပြိုင်အစိုးရ ဝန်ကြီးချုပ်နှစ်ဦး၏ အားပြိုင်မှုများနှင့်အတူ အကြမ်းဖက်မှုများကလည်း တဖန် ခေါင်းထောင်လာခဲ့သည်။

လစ်ဗျားနိုင်ငံ ပြည်သူများကိုတွေ့ရစဉ်(AP)

လစ်ဗျားလွှတ်တော်၏ ဝန်ကြီးချုပ် အသစ်အမည်ကို မိမိသတိပြုမိကြောင်း ဂူတာရက်စ်က ၎င်း၏ကြေညာချက်တွင် ပြောကြားခဲ့ပြီး အမျိုးသားရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရေး အဓိကရည်ရွယ် လုပ်ဆောင်ကြဖို့ သတိပေးခဲ့သည်။

လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းမှ ထိခိုက်မှုမရှိဘဲ လွတ်မြောက်လာခဲ့သူ ဝန်ကြီးချုပ် ဒီဘိုင်ဘတ်က “နောက်တစ်ရက်တွင် ရွေးကောက်ပွဲကို ဦးတည်သည့် ဥပဒေမူကြမ်းကို အောက်လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ယင်းဥပဒေသစ် အတည်ပြုဖို့ သမ္မတကောင်စီသို့ လွှဲပြောင်းပေးသွားရန်ရှိကြောင်း” လစ်ဗျားနိုင်ငံရှိ AI Ahrar TV ရုပ်သံလိုင်းမှနေ၍ ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံသည် လာမည့် ဒီဇင်ဘာလတွင် သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားသော်လည်း အစုအဖွဲ့များနှင့် ပြည်နယ်အစိုးရများအကြား ငြင်းခုံမှုများက မဲဆွယ်ကာလမတိုင်မီ ရက်ပိုင်းအလိုတွင် လုပ်ငန်းစဉ် ပျက်ပြား သွားနိုင်စရာ ရှိနေသည်။

လစ်ဗျားနိုင်ငံသား ၃ သန်းနီးပါးသည် မဲပေးကြရန် လက်မှတ် ရေးထိုးပေးခဲ့သော်လည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကြိတ်အနယ် ငြင်းခုံမှုများကြောင့် ရွေးကောက်ပွဲ နှောင့်နှေးခဲ့ရခြင်းအပေါ် နိုင်ငံသားများ ဒေါသထွက်ခဲ့ကြသည်။

လစ်ဗျားနိုင်ငံ ဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒီဘိုင်ဘတ်ကိုတွေ့ရစဉ်(AA)

လစ်ဗျားနိုင်ငံအရှေ့ပိုင်း တိုဘရက်ခ်မြို့တွင် အခြေစိုက်သည့် လွှတ်တော်၌ ပြည်ထဲရေးဝန်ကြီးဟောင်း ဖာသီဘာရှာဂါကို လစ်ဗျားဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်လိုက်ကြပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်တွင် လစ်ဗျားနိုင်ငံရေး အကျပ်အတည်းမှာ ပိုမိုတင်းမာလာခဲ့သည်။

၂၀၁၁ ခုနှစ်တွင် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) ကျောထောက်နောက်ခံဖြင့် လူထုအုံကြွမှုကနေ လစ်ဗျား အာဏာရှင် မူမာကဒါဖီကို ဖြုတ်ချ၍ သတ်ဖြတ်ခဲ့ပြီးနောက် လစ်ဗျားနိုင်ငံတွင် အရှေ့ခြမ်းနှင့်အနောက်ခြမ်း စင်ပြိုင်အစိုးရ နှစ်ရပ်တို့သည် နှစ်ပေါင်းများစွာ ကွဲထွက်သွားခဲ့ပြီး ၎င်းတို့အစိုးရကိုယ်စီ၌ ပြည်သူ့စစ်များနှင့် နိုင်ငံခြားအစိုးရ အထောက်အပံ့ ယူခြင်းတို့ အသီးသီးရှိနေခဲ့ကြသည်။

Source: Aljazeera