CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာခွင့် ယနေ့(ဖေဖော်ဝါရီ ၈ ရက်)နံနက်က စတင်ပြီး တားမြစ်ထားကြောင်း မောင်တောဒေသခံများထံမှ သိရသည်။

လက်ရှိတွင် မည်သည့် အကြောင်းကြောင့် တားမြစ်ထားခြင်းကို မသိရှိသေးကြောင်း၊ ပြန်လည် ဖြတ်သန်းခွင့် ရရှိမည့် အချိန်ကိုလည်း မသိရသေးကြောင်း မောင်တောမြို့နယ် ကြိမ်ချောင်းအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးကိုကိုအောင်က “အရေးပေါ်ပေါ့၊ အရေးပေါ် ကန့်သတ်ထားတာပဲ။ တစ်နေရာနဲ့ တစ်နေရာ သွားလာလို့ မရဘူးဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ လုပ်တာပေါ့နော့်။ လတ်တလော ပိတ်ထားတာပဲ။ ဘယ်အချိန်လောက်ထိ ဖွင့်မလဲ၊ ဘယ်အချိန် ပြန် ဖွင့်မလဲ အဲဒါလည်း မသိသေးဘူး။ တိုက်ပွဲဖြစ်တယ်လို့တော့ ပြောသံကြားလိုက်တယ်။ ဘယ်လိုဖြစ်တယ် ဆိုတာတော့ မသိဘူး။ ဘာနဲ့ ဖြစ်တယ်ဆိုတာလည်း မသိသေးဘူး”ဟု ပြောသည်။

မောင်တောမြို့နယ်၊ ကျီးကန်းပြင်ဌာနချုပ်အကျော် ဖားဝပ်ချောင်းနှင့် ငန်းချောင်းရွာကြားမှာ ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၁၁ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် တောင်ပြိုမှ မောင်တောသို့ သွားမည့်ကားများနှင့် ပြည်သူများကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပြန်လည်လှည့်ခိုင်း ကြောင်း၊ ယာဉ်မောင်းများကို ကြိမ်းမောင်းမှုများ ပြုလုပ်ကြောင်း မောင်တော ဒေသခံ ကိုမောင်မောင်ထွန်းက CNI သတင်း ဌာနသို့ ပြောသည်။

ကိုမောင်မောင်ထွန်းက “ဘယ်လိုမျိုး ဖြစ်နေလဲဆိုရင် ကျနော်တို့ ကားသမားတွေက တချို့ ကားသမားတွေသွားတော့ ငန်းချောင်း ရေကျော်တံတား ရှိတယ်။ ရေကျော်တံတား ကနေပြီးတော့ စစ်ကြောင်းတွေ အများကြီး စစ်ကြောင်းတွေက ကားသမားတွေကို စကားတစ်ခွန်းမှ မပြောနဲ့ ပစ်သတ်လိုက်မယ်ဆိုပြီးတော့ပြောပြီး ကားသမားတွေကို အကုန်လုံး မင်းတို့ ပြန်မလား အပစ်ခံမလား ဆိုပြီးတော့ ဒီလို ပြောနေတာပေါ့နော်။ ပြန်လှည့်ထွက်လာရတယ် ကားသမားတွေက။

တချို့ ကားသမားတွေ ဆိုလို့ရှိရင် တောင်ပြိုဘက်က ကားတွေဆိုလို့ရှိရင် ကျနော်တို့ ပညာရေး ဝန်ထမ်းတွေ၊ တခြားဌာနက ဝန်ထမ်းတွေရော အကုန်လုံး လမ်းတွေ ပိတ်နေတာပေါ့နော်။ ကြိမ်ချောင်းဂိတ်ကို မနက်က ကျနော်တို့ ဖြတ်တော့ ဖြတ်ခိုင်း ပါတယ်။ ပြီးတော့မှ ငမ်းချောင်း ရေကျော်တံတားနားရောက်တော့ ကားတွေ အကုန်လုံး လှည့်ပြန်ကြရတာပါ” ဟု ပြော သည်။

အဆိုပါ ကျီးကန်းပြင်စခန်းဂိတ် ပိတ်ထားခြင်းကြောင့် ဂိတ်အနီးအနားရှိ ကျေးရွာများမှ ဒေသခံများသည် မောင်တောမြို့ပေါ် သို့ မသွားနိုင်သလို မြို့ပေါ်မှ ဒေသခံများကလည်း ကျေးရွာများသို့ မလာရောက်နိုင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု ပြတ် တောက်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

ထို့နောက် ကျီးကန်းပြင်စခန်း ဂိတ်အနီးအနားရှိ ကျေးရွာများမှ စာသင်ကျောင်း တချို့ကိုလည်း ပိတ်ထားရကြောင်း သိရသည်။