CNI International News
ဖနွမ်ပင် ဖေဖော်ဝါရီ ၈
အာဆီယံသဘောတူညီမှု အချက် ၅ ချက်ကို နစကအနေဖြင့် ဆက်လက်လိုက်နာ အကောင်အထည်ဖော်သွားရန် တိုက်တွန်း သွားမည်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားခဲ့သည်ဟု ဖနွမ်ပင်ပို့စ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ပြည်သူများ ဝေဖန်နေသည့်ကြားမှ မိမိကြိုးပမ်း အားထုတ်မှုများကို ရပ်တန့်သွားမည် မဟုတ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က အတည်ပြု ပြောကြားခဲ့သည်။
အာဆီယံဥက္ကဋ္ဌအဖြစ် တစ်နှစ်တာ ထမ်းဆောင်ချိန်အတွင်း မြန်မာနိုင်ငံပြဿနာကို အပြည့်အဝ ဖြေရှင်းပေးနိုင်ရန် မမျှော် လင့်မိကြောင်း ဖေဖော်ဝါရီ ၇ ရက်၌ ကမ္ဘောဒီးယားနိုင်ငံ၊ ကရာတိုင်းပြည်နယ် အမျိုးသားလမ်းမကြီး အဆင့်မြှင့် ဖွင့်လှစ်ပွဲ အခမ်းအနား၌ ဝန်ကြီးချုပ်ဟွန်ဆန်က ဝန်ခံပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် မိမိ၏ ဇန်နဝါရီလဆန်းပိုင်းက မြန်မာခရီးစဉ်အပေါ် ဝေဖန်မှုများမှာ လွဲမှားနေကြောင်း၊ မိမိ၏ တစ်ခုတည်းသော စေ့ဆော်မှုမှာ ပြည်တွင်းစစ်မှ လွတ်မြောက်ပြီး မြန်မာပြည်သူများကို ကူညီရန် သာ ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ် လိုက်လျောညီထွေဖြစ်စေလိုပြီး စစ်မီးတောက်ကို ငြှိမ်းသတ်ရန် ရည်ရွယ် ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ဆက်လက် ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ကိုတွေ့ရစဉ်
“နေပြည်တော်မှာ လက်ရှိအုပ်စိုးနေတာကို ဖြုတ်ချနိုင်မှာလား။ မြန်မာနိုင်ငံမှာ တစ်သန်းရဲ့ ထက်ဝက်လောက်ရှိတဲ့ စစ်သား များကို တိုက်ခိုက်နိုင်ဖို့ အင်အားဘယ်လောက်ရှိလဲ။ ခင်ဗျားတို့ စစ်လိုလားရင်တော့ ခင်ဗျားတို့ကို ကျနော် တိုက်ခွင့်ပေးလိုက် မယ်”ဟု ဝန်ကြီးချုပ်ဟွန်ဆန်က မေးခွန်းထုတ်ခဲ့သည်။
“တော်တော်လေး ကြိုးစားခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီနှစ် အာဆီယံဥက္ကဋ္ဌအနေနဲ့ ဒီကြိုးစားမှုတွေကို လက်လွတ်မခံပါဘူး။ အခု အချက် ၅ ချက်ကို လိုက်နာဖို့ မြန်မာခေါင်းဆောင်တွေကို ဆက်ပြီး တောင်းဆိုသွားမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်း၏ မြန်မာခရီးစဉ်အပေါ် ဝေဖန်မှုများ ရှိခဲ့သော်လည်း အကြမ်းဖက်မှုများ တားဆီးရန် နည်းလမ်းကောင်းအဖြစ်လည်း ထောက်ခံမှုရရှိခဲ့ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ဆက်လက်ပြောကြားခဲ့သည်။
“အကျဉ်သားတွေကို လွှတ်ပေးစေချင်တယ်။ အပစ်အခတ်ရပ်စဲရေး လိုချင်တယ်။ လူသားချင်းစာနာမှု အကူအညီတွေ ပေးစေ ချင်တယ်။ ဆွေးနွေးကြစေချင်တယ်။ အာဆီယံအချက် ၅ ချက်အားလုံး ဖြစ်နိုင်ခြေရှိပါတယ်” ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ထပ်လောင်း ပြောကြားခဲ့သည်။
အာဆီယံ၏ ဘုံရပ်တည်ချက် ဖြစ်သောကြောင့် အဆိုပါအချက် ၅ ချက်ကို အကောင်အထည်ဖော်ခြင်းသည် မြန်မာ့ အကျပ် အတည်းအတွက် မှန်ကန်သော ချဉ်းကပ်မှုဖြစ်ကြောင်း ကမ္ဘောဒီးယား ဒီမိုကရက်တစ်သိပ္ပံကျောင်း ပူးတွဲတည်ထောင်သူ ရိုဗန်နက်က ဖေဖော်ဝါရီ ၇ ရက်၌ ဖနွမ်ပင်ပို့စ်သို့ ပြောကြားခဲ့သည်။
“ဒီလိုလုပ်ဆောင်ရာမှာ ကမ္ဘောဒီးယားပြည်တွင်းနဲ့ နိုင်ငံတကာပညာရှင်တွေ၊ အာဆီယံအတွင်းက တချို့ကတောင် စစ်အစိုးရ နဲ့ တွေ့ဆုံခဲ့တဲ့ ကျနော်တို့ ဝန်ကြီးချုပ်ရဲ့ခရီးစဉ်ဟာ စစ်အစိုးရရဲ့ တရားဝင်မှုကို အသိအမှတ်ပြုပုံ ပေါ်ပေါက်တယ်လို့ စွပ်စွဲကြ ပါတယ်။ ကမ္ဘောဒီးယား မမျှတဘူးလို့လည်း ဝေဖန်ခံနေရပါတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
Source: Phnompenh Post