CNI International News
အော်တဝါ၊ ဖေဖော်ဝါရီ ၈
Covid-19 ကန့်သတ်ချက်များကို ကန့်ကွက်ကြသည့် ရီပက်ဘလီကန်အုပ်စုကို ဆန့်ကျင်ကြောင်းပြသလိုသဖြင့် အခြား ကနေဒါ ခေါင်းဆောင်များနှင့် ပူးပေါင်း၍ အော်တဝါမြို့လယ်ခေါင်ကို ရက်သတ္တတစ်ပတ်ကျော်ကြာ ဆန္ဒပြနေခြင်းကို လက်မခံဘူးဟု ကနေဒါအစိုးရက ပြောကြားခဲ့သည်ဟု အေပီသတင်းက ဖော်ပြထားသည်။
ထိုသို့ လုပ်ဆောင်နေခြင်းအပေါ် အမေရိကန်အစိုးရ တာဝန်ရှိသူများအနေဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများ ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ရှားသင့်ကြောင်း ကနေဒါပြည်သူ့လုံခြုံစိတ်ချမှုဆိုင်ရာဝန်ကြီးက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
အော်တဝါမြို့တော်တွင် အရေးပေါ်အခြေအနေ ကြေညာပြီး နောက်တစ်ရက်၌ ကနေဒါစီးပွားရေး တုန်လှုပ်သွားစေမည့် Freedom Truck Convoy ဟုခေါ်သည့် ညစဉ်ဆန္ဒပြပွဲများကို ဖြိုခွင်းဖို့ ရဲတပ်ဖွဲ့ဝင် ၂,၀၀၀ နီးပါးအား မြို့တော်ဝန်က တာဝန်ပေးခဲ့သည်။
အဆိုပါ ဆန္ဒပြမှုများသည် ဖက်ဒရယ်အစိုးရရုံးစိုက်ရာ ဟေးလ်လွှတ်တော် အဆောက်အဦအနီးရှိ ရပ်ကွက်များ အပါအဝင် အော်တဝါမြို့လယ်ခေါင် နေထိုင်သူများကိုလည်း ဒေါသထွက်စေခဲ့သည်။
ထိုဆန္ဒပြမှုများ ပြင်းထန်နေစဉ်အတွင်း “ဒီလူတွေ တစ်ယောက်ချင်းစီးက ကျနော်တို့ စီးပွားရေး၊ ဒီမိုကရေစီနဲ့ ကျနော်တို့ လူထုရဲ့ နေ့စဉ်ဘဝကို အဟန့်အတားလုပ်ဖို့ ကြိုးစားနေကြပါတယ်။ ဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်ရမယ်” ဟု ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးက လွှတ်တော်အတွင်း အချေအတင်ဆွေးနွေးမှု (debate) ၌ ပြောကြားခဲ့သည်။
ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုး(AP)
ပြည်သူတိုင်းသည် Covid-19 ကြောင့် ငြီးငွေ့နေသည်မှာ မှန်သော်လည်း ယခုဆန္ဒပြမှုများမှာ နည်းလမ်း မကျကြောင်း၊ ကန့်သတ်ချက်များ အမြဲထားမည် မဟုတ်ကြောင်း၊ ကနေဒါသည် ကမ္ဘာပေါ်၌ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုနှုန်း အမြင့်ဆုံး တိုင်းပြည်ဖြစ်ကြောင်း ထရူဒိုးက မှတ်ချက်ချခဲ့သည်။
“ကနေဒါနိုင်ငံသားတွေဟာ ဆေးသိပ္ပံပညာကို ယုံကြည်ကြပါတယ်” ဟု ၎င်းက ပြောသည်။
ကနေဒါပြည်တွင်းရှိ အခြားနေရာများတွင်လည်း ဆန္ဒပြပွဲ တိုးပွားလာခဲ့ပြီး ကနေဒါနှင့်အမေရိကန် နှစ်နိုင်ငံကြား အစည်ကား ဆုံး နယ်စပ်ဖြတ်ကျော်တံတားဖြစ်သည့် သံအမတ်ကြီးတံတား (Ambassador Bridge) အနီး ထရပ်ကား ယာဉ်တန်း ဆန္ဒပြမှု များကြောင့် ဒက်ထရွိုက်မြစ်ကမ်းတလျှောက် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည်။
အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ်တွင် ထရပ်ကားယာဉ်မောင်း ၁၀၀ ကျော်သည် အန်းကားရိတ်ချ်ဒေသမှ အီးဂဲလ်မြစ် အထိ ၁၀ မိုင်ခရီးကို မောင်းနှင်ခြင်းဖြင့် ကနေဒါဘက်ခြမ်းရှိ ၎င်းတို့ လိုလားသူများကို ထောက်ခံသောအားဖြင့် စုဝေးခဲ့ကြ ကြောင်း အန်ကားရိတ်ချ် နေ့စဉ်သတင်းစာက ရေးသားဖော်ပြခဲ့သည်။
Ambassador Bridge တံတား(AP)
GOP(Grand Old Party) ဟု အတိုကောက်ခေါ်ကြသည့် အမေရိကန်တို့၏ ရီပက်ဘလစ်ကန် ပါတီအုပ်စုသည် ကနေဒါ နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင် သမ္မတဟောင်း ထရမ့်ကို ထောက်ခံသည့် ဆန္ဒပြပွဲများ စဉ်ဆက်မပြတ် ပေါ်ထွက်စေပြီး ကနေဒါဝန်ကြီးချုပ် ထရူဒျူးကိုလည်း “ရူးသွပ်မိုက်မဲသော Covid-19 အစီအမံများဖြင့် ကနေဒါကို ဖျက်ဆီးခဲ့ကြောင်း” ၎င်းတို့က စွပ်စွဲခဲ့ကြသည်။
ကာကွယ်ဆေးနှင့် Covid-19 ကန့်သတ်ချက်အားလုံး ရုတ်သိမ်းသွားသည်အထိ မိမိတို့ထွက်ခွာသွားမည်မဟုတ်ကြောင်း ၎င်းတို့က ဆန္ဒပြပွဲများတွင် ပြောကြားခဲ့ကြသည်။
ဆန္ဒပြသူတို့သည် ထရူဒျူးအစိုးရကို ဖယ်ရှားရန် တောင်းဆိုခဲ့ကြရာ ထရူဒျူးအစိုးရအနေဖြင့် ကပ်ရောဂါ ကန့်သတ်ချက် အနည်းငယ်အတွက်သာ အမှန်တကယ် တာဝန်ရှိပြီး ကန့်သတ်ချက် အများစုကို ပြည်နယ်အစိုးရအလိုက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
Source: AP