CNI International News
ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၇
ကမ္ဘောဒီးယားနိုင်ငံမှ စေလွှတ်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီဝင်များနှင့် တွေ့ဆုံခွင့်ပြုရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဘောတူခဲ့ကြောင်း ကမ္ဘောဒီး ယားနိုင်ငံ၏ အဆင့်မြင့်အရာရှိတစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၇ ရက်)တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းကို ကိုးကား လျက် Channel News Asia မှ ရေးသားဖော်ပြသည်။
ယခုသဘောတူညီမှုသည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဇန်နဝါရီ ၂၆ ရက်က အွန်လိုင်းဗွီဒီယိုဖြင့် ဆွေးနွေးမှု ကတိဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်သည့် NLD အစိုးရ ဖြုတ်ချခံရပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နစက၏ အနည်းငယ်မျှလိုက်လျောမှု တစ်ခုဖြစ်လာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် NLD ပါတီဝင်ဖြစ်သည့် မည်သူနှင့် ပေးတွေ့မည်ဟု အတိအကျ မပြောခဲ့ကြောင်း ဗွီဒီယိုခေါ်ဆိုမှုဖြင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပါဝင်ခဲ့သူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးမှ ဝန်ကြီး ခေါင်ကင်မ်ဟွန်း (Kao Kim Hourn)က ပြောသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က ဝန်ကြီးချုပ်ဟွန်ဆန်နဲ့နစကဥက္ကဋ္ဌ အွန်လိုင်းက ဆွေးနွေးနေစဉ်
ခေါင်ကင်မ်ဟွန်းက “ကျနော်တို့ ဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့အကြား ဗွီဒီယိုကွန်ဖရင့် လုပ်တာမှာ NLD က တချို့ပုဂ္ဂိုလ်တွေနဲ့ ပေးတွေ့မယ်လို့ ပြောထားတာ ရှိပေမယ့် ဘယ်သူတွေမှန်းတော့ ကျနော်တို့ မသိရသေးဘူး” ဟု ရိုက်တာသို့ တယ်လီဖုန်းလိုင်းပေါ်မှ ပြောကြားခဲ့သည်။
ရိုက်တာက သဘောထား မှတ်ချက်ရယူရန် နစက၏ ပြောရေးဆိုခွင့်ရှိသူထံသို့ တယ်လီဖုန်းဖြင့် ခေါ်ဆိုမေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
တပ်မတော် အာဏာရယူပြီးကတည်းက မြန်မာနိုင်ငံတွင် အကျပ်အတည်းဖြစ်နေကြောင်း၊ အတိုက်အခံ လုပ်သူများကို ဖိနှိပ်ခဲ့ရာ အရပ်သား ၁,၅၀၀ ခန့် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
မြန်မာ့အကျပ်အတည်းကို တွေ့ဆုံဆွေးနွေး အဖြေရှာရေး၌ အင်အားစုအားလုံး ပါဝင်ရေးမှာ ယမန်နှစ်က အာဆီယံ ၁၀ နိုင်ငံ ပူးပေါင်း ချမှတ်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိက အချက်တစ်ချက်လည်း ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
ပြည်တွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အာဆီယံအထူးကိုယ်စားလှယ် လာရောက်မည့်ကိစ္စကို အခြားအစိတ် အပိုင်းများကလည်း ကြိုဆိုကြသည်။
NLD အစိုးရ ဖြုတ်ချခံရပြီးကတည်းက ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့ ကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ဟွန်း၏ ပထမဆုံးခရီးစဉ်တွင် တွေ့ဆုံနိုင်ရေးမှာ မဖြစ်နိုင်သေးကြောင်း ခေါင်ကင်မ်ဟွန်းက ဆက်လက် ပြောကြားခဲ့သည်။
ခေါင်ကင်မ်ဟွန်းက “ကျနော်တို့ဘက်က ရည်ရွယ်တာတော့ အရေးကြီးပြီး သက်ဆိုင်တဲ့ သူတွေအားလုံးနဲ့ တွေ့ဖို့ပါ။ ဒါပေမယ့် ဒီတစ်ခေါက်တည်း မဟုတ်ဘဲ အကြိမ်ကြိမ် သွားရတာလည်း ရှိချင် ရှိနိုင်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဆိုရင်တော့ အင်မတန် ကောင်းတာပေါ့ဗျာ”ဟု ရှင်းပြသည်။
Source: Reuters
ဆက်စပ်သတင်း----https://cnimyanmar.com/index.php/political-2/politics-local/3867-2022-01-26-14-45-26