CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲလ်ကို နစကမှ ပြန်လွှတ်ပေးလိုက်ပြီးဆိုသော သတင်း အမှားကို ထုတ်ပြန်ခဲ့မိခြင်းအပေါ် တောင်းပန်ပါကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က သူ၏ လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန်ခဲ့သည်။
မစ္စတာရှောင်တာနဲလ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်နေသူဖြစ်သည်။ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က NLD အစိုးရကို မဲစာရင်းအငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရသစ်ကိုဖွဲ့စည်းရန် ကြိုးပမ်းသည့်အတွက် ဖြုတ်ချခဲ့စဉ် ဖမ်းဆီးခံထားရသည်။
မစ္စတာရှောင်တာနဲလ် ပြန်လည်လွတ်မြောက်လာပြီဟု ကမ္ဘောဒီးယားမီဒီယာဖြစ်သည့် ခမာတိုင်းမ်သတင်းဌာနက ဖေဖော်ဝါရီ ၆ ရက်နေ့စွဲဖြင့် ရေးသားဖော်ပြခဲ့သလို ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း ကြိုဆိုသည်ဟု မှတ်ချက်ပြုခဲ့သည်။
အဆိုပါ မှားယွင်းသည့် သတင်းနှင့်ပတ်သက်ပြီး တောင်းပန်ပါသည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပုံ-ရှောင်တာနဲလ်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
ဝန်ကြီးချုပ်ဟွန်ဆန်က “မြန်မာစစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံခဲ့တယ်။ ဒါပေမယ့် ကျနော်ရခဲ့တဲ့ သတင်းမှားသွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒါကို မရည်ရွယ်ဘဲ ကောက်ယူမိသွားတယ်”ဟု ပြောသည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးခြင်း မရှိကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြန်လည်လွှတ်ပေးရန် မေတ္တာရပ်ခံထားခြင်းသာရှိကြောင်း ပြန်လည် ဖြေရှင်းခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၇ ရက်မှ ၈ ရက်နေ့အထိ လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။
အလားတူ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးကလည်း ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးရန် မကြာသေးခင်က တောင်းဆို ထားသည်။