ဟာဆာကက်၊ ဇန်နဝါရီ ၂၉

ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်(IS)စစ်သွေးကြွများ ခိုအောင်းတိုက်ခိုက်ခဲ့ကြသည့် အကျဉ်းထောင်အနီးသို့ အမေရိကန် ကျော ထောက် နောက်ခံပြု ဆီးရီးယားကာ့ဒ်များ ဦးဆောင်သောတပ်ဖွဲ့က ဇန်နဝါရီ ၂၈ ရက်တွင် ရှာဖွေရှင်းလင်းခဲ့ကြပြီး လက်နက် ကိုင် အစွန်းရောက်သူ ဆယ်ဂဏန်းခန့်ကို လက်နက်ချရန် (သို့မဟုတ်) အလုံးစုံ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ရာဇသံပေးခဲ့ ကြောင်း ကာ့ဒ်အရာရှိတစ်ဦးက ပြောကြားသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

အကျဉ်းထောင်၏ မြောက်ဘက်ခြမ်း မြေအောက်ခန်းထဲတွင် ခိုလှုံပုန်းအောင်းနေသော အိုင်အက်စ် စစ်သွေးကြွများထဲမှ ၆ ဦး ခန့်မှာ ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် လက်နက်ချ အညံ့ခံခဲ့ကြကြောင်း အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့(SDF) ပြောခွင့်ရသူ ဆီယာမန်အလီက ပြောကြားခဲ့သည်။

SDF တပ်ဖွဲ့ဝင်များသည် ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အယ်လ်ဆီနာဟုလည်း ခေါ်သည့် “ဂွီရန်” (Gweiran) အကျဉ်းထောင် တွင် ၎င်းတို့ရဲဘော်ရဲဘက် ၁၈ ဦး၏ အလောင်းများကို ဇန်နဝါရီ ၂၈ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အစီရင်ခံချက်အား ဆီယာမန်အလီက အတည်ပြုခြင်းလည်း မရှိသလို ငြင်းဆို ခြင်းလည်း မရှိပေ။

ဇန်နဝါရီ ၂၀ ရက်က အဆိုပါ အကျဉ်းထောင်ကို အိုင်အက်စ်အစွန်းရောက်တို့ တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးသည် ၎င်းတို့ ခေါင်းဆောင် ခါလီဖိတ် လက်လွတ်ဆုံးရှုံးပြီးနောက် အကြီးမားဆုံး စစ်ဆင်ရေးဖြစ်သည်။

အမေရိကန်တပ်ကိုတွေ့ရစဉ်။(AP)

အသေအပျောက်များသော တိုက်ခိုက်မှုများကို အိုင်အက်စ်စစ်သွေးကြွများ ပြန်လည် စတင်မည်ကို ဆီးရီးယားနှင့်အီရတ် နှစ် နိုင်ငံစလုံးကို စိုးရိမ်နေချိန်တွင် ယခုကဲ့သို့ အကျဉ်းထောင်တိုက်ခိုက်ခံရမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံရှိ အကြီးဆုံး အကျဉ်းထောင် စခန်းများထဲမှ တစ်ခုကို ရက်သတ္တတစ်ပတ်ကြာ တိုက်ခိုက်ခံရမှုကြောင့် ဟာဆာကက်မြို့သည် ပဋိပက္ခဇုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကာ့ဒ်တပ်ဖွဲ့ ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့က ညလမ်းမထွက်ရအမိန့်ကို ထုတ်ပြန်ပြီး မြို့တွင်း အသွားအလာများကို ပိတ် ဆို့ ထားခဲ့သည်။ မကြာသေးမီ ရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ဟာဆာကက်မြို့တွင် လူထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

အကျဉ်းထောင်ကို စစ်သွေးကြွများ သိမ်းပိုက်ပြီး တစ်ပတ်ခန့်အကြာတွင် ၎င်းအကျဉ်းထောင် တစ်ခုလုံးအား မိမိတို့ အပြည့် အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီဟု SDF တပ်ဖွဲ့က ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။

Source: AP