၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းသည် ခရိုင်အရေးပေါ် အစည်းအဝေးတွင် ၎င်းအနေဖြင့် တာဝန်မှ နှုတ်ထွက်ကြောင်း တင်ပြလာခဲ့ခြင်းဖြစ်သည်ဟု KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။
ပဒိုစောရွှေမောင်းသည် ဇန်နဝါရီလ ၂၇ ရက်က ကျင်းပခဲ့သည့် ဒူပလာယာခရိုင်၏ အရေးပေါ် အစည်းအဝေးတွင် တာဝန်မှ အနားယူမည်ဖြစ်ကြောင်း တင်ပြ အသိပေးခဲ့သည်ဟု ဒေသတွင်း သတင်းဌာနဖြစ်သည့် KIC က ဖော်ပြထားသည်။
ပဒိုစောတောနီးက “အဲဒါကတော့ သူ့ခရိုင်အဆင့်နဲ့ပဲ ဆိုင်ပါတယ်၊ သူတို့ခရိုင် ကွန်ဂရက်က လုပ်ပိုင်ခွင့်ရှိတာပဲလေ။ ဒီအချိန် က ခရိုင်ကွန်ဂရက် မဟုတ်သေးဘူးလေ။ ကွန်ဂရက် သက်တမ်း တစ်ဝက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူတာဝန် ဆက်မထမ်း ဆောင်နိုင်ဘူးလို့ ကျနော်တို့ သိရတာပေါ့၊ အဲဒီလောက်ပဲ၊ ဆိုတော့ သူတို့ ခရိုင်ကော်မတီဝင်တွေရဲ့ သဘောထားအပေါ်မှာပဲ မူတည်တယ်လေ။ သူ့ကို နားခွင့်ပေးတယ်ဆိုရင်လည်း နားလို့ရတာပေါ့။ သူ့ကိုနားခွင့် သူဘယ်လောက်ပဲ တောင်းဆို တောင်း ဆို နားခွင့်မပေးဘူးဆိုရင် သူဘယ်နားလို့ ရမလဲ၊ ဒါပေမယ့် အခုကတော့ ကျနော်တို့ သိရတာတော့ သူနားလိုက်တယ်လို့ ပြော တယ်။ ဘာလို့ဆို သူက ခရိုင်ကွန်ဂရက် မဲဆန္ဒနဲ့ တက်လာတာပဲလေ။ အဲဒါကတော့ ခရိုင်မဲဆန္ဒရှင်ရဲ့ သဘောထားကို လေး စား ရမယ် ဒါပဲရှိတာပဲ။ ကျနော်တို့ဗဟိုကတော့ သူ့အဆင့်နဲ့ သူပဲ၊ ဒါပေမယ့် သူကတော့ ဗဟိုကော်မတီဝင် တစ်ယောက် ဖြစ် တယ်ဆိုပေမယ့် တကယ်တမ်း ခရိုင်ဥက္ကဋ္ဌကို သူတာဝန်အရ ရယူတယ်ဆိုတာ သူ့ခရိုင်ကွန်ဂရက်က သူ့ကို တင်ပေးလိုက်တာ ပဲလေ၊ မဲဆန္ဒနဲ့ တင်ပေးလိုက်တာဆိုတော့ သူ့ခရိုင်က အဓိကကျပါတယ်” ဟု CNI သို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖွဲ့စည်းပုံအရ သက်ဆိုင်ရာ ခရိုင်ဥက္ကဋ္ဌ တစ်ဦး အကြောင်းကြောင်းကြောင့် အနားယူပါက ခရိုင်ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသူ တပ်မဟာမှူးက ခရိုင်ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းယူရမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
ဝင်းရေးမြို့နယ်ညီလာခံမှာတွေ့ရသည့် ပဒိုစောရွှေမောင်းကိုတွေ့ရစဉ်(KIC)
ပဒိုစောတောနီးက “လစ်လပ်တယ်လို့တော့ ပြောလို့ ဘယ်ရမလဲ။ ခရိုင်ဥက္ကဋ္ဌတစ်ယောက်က ကျနော်တို့ KNU ရဲ့ တော်လှန် ရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ အဲဒီ ခရိုင်ဥက္ကဋ္ဌ တစ်ယောက်က ကျန်းမာရေးအရ အနားယူတာပဲ ဖြစ် ဖြစ် သေဆုံးသွားတာပဲဖြစ်ဖြစ်၊ ဆက်လက်ပြီး တာဝန်မထမ်းဆောင်နိုင်တာပဲဖြစ်ဖြစ် အဲဒီလိုမျိုး ဖြစ်လာတဲ့အခါ ခရိုင်ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့၊ ဘာလို့လဲဆိုတော့ ကျနော်တို့ ဖွဲ့စည်းပုံအရ ခရိုင်ဒုဥက္ကဋ္ဌက တပ်မဟာမှူးပဲ ဖြစ်တယ်လေ၊ အဲဒီ တပ်မဟာမှူး ကပဲ ဒုတိယဥက္ကဋ္ဌကပဲ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းယူရတာပဲလေ။ အဲဒါက ဖွဲ့စည်းပုံအရ အဲဒီလို ရှိထားပြီးသားဆိုတော့ ဘာမှ ထူးထူးထွေထွေ လုပ်စရာမလိုဘူးလေ”ဟု CNI သို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အုပ်ချုပ်ရေးအဆင့်တွင် မြို့နယ် ၂၆ ခု၊ ခရိုင် ၇ ခုဖြင့် ဖွဲ့စည်းထားပြီး ခရိုင်တစ်ခုချင်း စီတွင် KNLA တပ်မဟာ တစ်ခုစီဖြင့် ဖွဲ့စည်းထားသည်။
လက်ရှိတွင် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း မည်သည့်အတွက်ကြောင့် တာဝန်မှအနားယူ သွားသည်ကိုတော့မသိရ သေးပေ။ ပဒိုစောရွှေမောင်းကို ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားခြင်းကြောင့် တစ်စုံတစ်ရာမသိရသေးပေ။