ဘိုဂိုတာ၊ ဇန်နဝါရီ ၂၉

လူသတ်မှုများ အထူးများပြားလာသဖြင့် လက်ဝဲယိမ်း သူပုန်ဟောင်းများကို အကာအကွယ်ပြုပေးရန် အစိုးရအား ကိုလံဘီယာတရားရုံးချုပ် အမိန့်ထုတ်လိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဇန်နဝါရီ ၂၈ ရက်က အများသိစေရန် ထုတ်ပြန်ခဲ့သော စီရင်ဆုံးဖြတ်ချက်တစ်ခုတွင် ကိုလံဘီယာတော်လှန်ရေး တပ်မတော် (FARC) သူပုန်ဟောင်းများ၏ ဘဝအခြေခံရပိုင်ခွင့်၊ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းရေးကို ကိုလံဘီယာအစိုးရက လျစ်လျူရှုထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ပြောကြားခဲ့သည်။

အစိုးရနှင့် ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသော FARC သူပုန်ဟောင်း ၃၀၀ ခန့်သည် ရာစုနှစ်ထက်ဝက်ကြာ ပဋိပက္ခများကို အဆုံးသတ်စေခဲ့ပြီးနောက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရ သည်။

“သတ်ဖြတ်ခြင်း ခံခဲ့ရသူများဖြစ်ကြသည့် နောက်ဆုံးငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူများနှင့် လက်နက်ဖြုတ်သိမ်းခံရသူများအတွက် လုံခြုံရေးဆိုင်ရာအာမခံချက် စည်းမျဉ်းများ အကောင်အထည်ဖော်မှု အဆင့်အားနည်းခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသောအခြေအနေအဖြစ် ကြေညာရန် တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း” တရားသူကြီး ခရစ္စတီနာပါဒိုက စီရင်ချက်ကို အွန်လိုင်းတင်ဆက်မှုမှတဆင့် ပြောကြား ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသောအခြေအနေဆိုသည်မှာ အခြေခံအခွင့်အရေးများ ပြင်းထန်စွာ ချိုးဖောက် ခံရမှုနှင့် ထိခိုက်နစ်နာသူများကို ကာကွယ်ရန် နိုင်ငံတော်က သက်သေအထောက်အထားမပြနိုင်သော အမှု ကိစ္စများအတွက် အသက်သွင်းနိုင်သော တရားရေးဆိုင်ရာယန္တရားတစ်ခုဖြစ်သည်။

ငြိမ်းချမ်းရေးသဘောတူညီချက်တွင် သတ်မှတ်ထားသည့်အတိုင်း သူပုန်ဟောင်းများ၏လုံခြုံရေးအတွက် လိုအပ် သောအစီအမံများကို ချမှတ်ရန် တရားရုံးက အစိုးရကို အမိန့်ထုတ်ခဲ့သည်။ ယင်းစီရင်ဆုံးဖြတ်ချက်ကို ဆန္ဒမဲ ၅ မဲ အနက် ၄ မဲဖြင့် အဆုံးအဖြတ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါစီရင်ချက်ထဲတွင် အစိုးရသည် တရားရုံးအမိန့်ကို လိုက်နာကြောင်း စစ်ဆေးရန်အတွက် တရားရုံးအတွင်း အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခြင်းလည်း ပါဝင်သည်။ ထို့ပြင် အန္တရာယ်ကျရောက်နေသော ပြည်သူများကို အကာ အကွယ်ပေးရေးအတွက် ရပ်တည်နေသည့် အမျိုးသားကာကွယ်ရေးစနစ်အနေဖြင့် သူပုန်ဟောင်းများ ကြုံတွေ့ နိုင်သောအန္တရာယ်အပေါ် ပြန်လည်သုံးသပ်ပေးရန်နှင့် ၎င်းတို့သတ်ဖြတ်ခံရခြင်းမှ ကာကွယ်ဖို့ အရေးယူ ဆောင် ရွက်ပေးရန် ယခုစီရင်ချက်အရ တောင်းဆိုထားသည်။

၎င်းစီရင်ဆုံးဖြတ်ချက်ကို အစိုးရ၏ထိပ်တန်းပဋိပက္ခရေးရာသမ္မတအကြံပေးဖြစ်သူ အီမီလီယိုအာချီလာက ဝေဖန် ခဲ့သော်လည်း လေးစားလိုက်နာပါမည်ဟု ကတိပြုခဲ့သည်။

၂၀၁၈ ခုနှစ်ကတည်းက အာဏာရခဲ့သည့် သမ္မတအီဗန်ဒူကေးသည် ယခင်သမ္မတ ဂျူအန်မာနွယ်ဆန်တို့စ် လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ပါ အချက်အလက်များကို ပြောင်းလဲရန် လွှတ်တော် မှတဆင့် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

FARC အဖွဲ့သည် ၎င်းတို့လက်နက်ဖြုတ်သိမ်းပြီးနောက် လူထုထောက်ခံမှုအနည်းငယ်သာရှိသည့် ကွန်မြူနစ် နိုင်ငံရေးပါတီတစ်ရပ်ထူထောင်ရန် ဦးတည်ချက်ကို ပယ်ဖျက်ပေးခဲ့သည်။

Source: Aljazeera