၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပသည့် ပြည်သူ့ညီလာခံသို့ မိမိ တက်ရောက်ခြင်းနှင့်မိန့်ခွန်းပြောခြင်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ကို ကိုယ်စားပြုတက် ရောက်ခြင်းမဟုတ်ဘဲ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၏ ယာယီဥက္ကဋ္ဌ ကိုယ်စားပြုတက်ရောက်ခြင်းဖြစ်သည်ဟု ခွန်မြင့်ထွန်းက ပြောသည်။
ခွန်မြင့်ထွန်းသည် ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင် PNLO ၏ ဒုဥက္ကဋ္ဌဖြစ်သော်လည်း NUCC က ကျင်းပသည့် ပြည်သူ့ညီ လာခံ တက်ရောက်ခြင်းမှာ အရပ်ဖက်အဖွဲ့အစည်းဖြင့် ဖွဲ့စည်းထားသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၏ ယာယီဥက္ကဋ္ဌ အနေဖြင့် ကိုယ်စားပြုတက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။
ခွန်မြင့်ထွန်းက “ကျနော်တို့ PNFC ကလည်း ကြေညာချက်လည်းထုတ်ထားပါတယ်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ကလေ၊ ကျနော်တို့ ပအိုဝ်းအမျိုးသားညီလာခံကို ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၁၁ ရက်နေ့ ပအိုဝ်းတော်လှန်ရေး ၇၂ နှစ်မြောက်မှာ ကျနော်တို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံကို ကျင်းပတယ်၊ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီးတော့ ကျင်းပတယ်၊ အဲဒီ ညီလာခံကနေပြီးတော့မှ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းခဲ့တယ်။ အဲဒီပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ ဥက္ကဋ္ဌက ကျနော်ဖြစ်ပါတယ်။ အခု NUCC လုပ်နေတဲ့ပြည်သူ့ညီလာခံကို တက်တဲ့အခါမှာ ကျနော်က ဒီပအိုဝ်းအမျိုးသားဖက် ဒရယ်ကောင်စီရဲ့ ကိုယ်စားတက်ပြီးတော့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ ဥက္ကဋ္ဌအနေနဲ့ ကျနော်ပြောကြားခဲ့တာဖြစ် ပါတယ်၊သို့သော် သတင်းမီဒီယာတွေက ဖော်ပြတဲ့အခါမှာတော့ ကျနော်ပြောတာဆိုတာကို PNLO ရဲ့ဒုဥက္ကဋ္ဌက ပြောပါတယ် ဆိုတဲ့ဟာမျိုးပေါ့လေ၊ Mention လုပ်ပြီးပြောကြတာဖြစ်ပါတယ်၊ တကယ်တော့ ကျနော်တက်ရောက်ပြောကြားတာက PNFC ပေါ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ဥက္ကဋ္ဌအနေနဲ့ ကျနော်ပြောကြားတာဖြစ်ပါတယ်”ဟု CNI သို့ပြောသည်။
NUCC ၏ ပြည်သူ့ညီလာခံတွင် မိန့်ခွန်းပြောရမည်ဖြစ်သည့်အတွက်ကြောင့် PPST ၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ်ကနေ နှုတ် ထွက်ထားကြောင်း ၎င်းက ပြောသည်။
ခွန်မြင့်ထွန်းကိုတွေ့ရစဉ်(NCA-S EAO)
ခွန်မြင့်ထွန်းက “ကျနော်ကတော့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ ဥက္ကဋ္ဌအနေနဲ့ ပြည်သူ့ညီလာခံမှာ စကားပြောရမှာ ဆိုတဲ့ အတွက်ကြောင့်မို့လို့ ကျနော် လက်ရှိ ထမ်းဆောင်နေတဲ့ PPST ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ပေါ့လေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ်ကလည်း ကျနော်က နှုတ်ထွက်ထားပါတယ်”ဟု CNI သို့ ပြောသည်။
NUCC ညီလာခံတွင် ခွန်မြင့်ထွန်း ပြောကြားသွားသည့် အကြောင်းအရာများမှာ PNLO ၏ မူဝါဒနှင့် ကွဲလွဲနေကြောင်း၊ ခွန်မြင့်ထွန်း အနေဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ကိုယ်စားပြု တက်ရောက်ခြင်းဖြစ်ကြောင်း၊ PNLO ကို ကိုယ်စားပြု တက်ရောက်ခြင်းမဟုတ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “အဲတာလည်း ကျနော်တို့ ဗဟိုကလည်းမေးတယ်၊ NUCC မှာ မြင့်ထွန်းတက်တာက PNLO ရဲ့ မူ မဟုတ်ပါဘူးလို့ ဗဟိုကလည်း ပြောတယ်။ ကျနော်လည်း ပြောတယ်။ နောက်သူပြောတဲ့ စကားအားလုံးဟာ PNLO ရဲ့ မူ တစ်ခုမှ မဟုတ်ဘူး။ အဲ တာကို ကျနော်တို့က သူကိုယ်တိုင်လည်း ဖြေရှင်းပါလိမ့်မယ်။ NUCC မှာ သူသွားချိတ်တဲ့ဟာက လူလုံးဝမသိတဲ့ လူသိနဲတဲ့ PNFC ဆိုတာ တစ်ခုဖွဲ့လိုက်တယ်။ ခါတော်မှီတော့ ဒီအစည်းအဝေးမီအောင် PNFC ဖွဲ့ပြီးတော့ အဲ့ခေါင်းစဉ်နဲ့ ဝင်တိုးတာပါ။ ဒါပေမယ့် သူ့ PNFC ကို လူက မသိဘူး။ မသိတော့ PNLO ဒုဥက္ကဋ္ဌပဲ သိတဲ့အခါကြတော့ သူ ပြောတဲ့ဟာတွေက PNLO မူတွေ လို့ ထင်တာ အဲတာ အမှားကြီးမှားတာပေါ့။ ပေါ်လစီအမှားပေါ့။ PNLO ရဲ့ ပေါ်လစီမှာ မရှိပါဘူး။ သူပြောတာတွေနဲ့ မတည့်ပါ ဘူး။ PNLO ရဲ့ ပေါ်လစီက NCA အပေါ်မှာ ရှိမယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ ရှင်းမယ်။ အရပ်သားများကို အကာ အကွယ်ပေးမယ်။ ရန်လိုမှုတွေကို လျော့ချမယ်၊ မုန်းတီးမှုတွေကို လျော့ချမယ်၊ ပဋိပက္ခတွေကို လျော့ချမယ်။ ညှိနှိုင်းတဲ့ နေရာ မှာလည်း တာဝန်ရှိတဲ့လူ သက်ဆိုင်သူ အားလုံးပါဝင်ရမယ်၊ ဒီမူတွေ ရှိပါ တယ်”ဟု ပြောသည်။ပြောကြားခဲ့သည်။
PNFC ကို ပအိုဝ်းလူငယ်များ၊ အမျိုးသမီးများ၊ တက်ကြွလှုပ်ရှားသူများဖြင့် ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၁၁ ရက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ခွန်မြင့်ထွန်းက ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက် လျက်ရှိသည်။
ပအိုဝ်းလူငယ်များ လမ်းမှားမရောက်ရှိရန်၊ အခြားသူများ အသုံးချမှု မခံရရန်အတွက် PNFC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ PNLO ၏ မိတ်ဖက်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
၎င်းက “PNLO ရဲ့ မိတ်ဖက်တော့ ဟုတ်တယ်၊ ဒါပေမယ့် ကျနော်တို့ လူငယ်တွေ လမ်းမှားမသွားအောင်၊ သူများ အသုံးချမခံရ အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ဆိုပြီးတော့ အဲဒီအဖွဲ့ သူ့ဟာသူ ဖွဲ့ခိုင်းထားတာ ပြဿနာတော့ မရှိဘူး။ သို့သော် မူလ PNLO ရဲ့ ပေါ်လစီတော့ မဟုတ်ဘူး။ ကျနော်တို့က NCA လမ်းကြောင်း ပေါ်လစီဖြစ်တယ်၊ သူတို့ကတော့ ခဏပြောတာပေါ့၊ နွေဦးတို့ ဘာတို့ညာတို့ အော်ပြီးတော့ တက်ကြွလှုပ်ရှားတဲ့ ပေါ်လစီဖြစ်တယ်၊ အဲဒီပေါ်လစီနှစ်ခုဟာ မတူဘူး။ ပူးတွဲလုပ်လို့ မရဘူး ဒါက နားလည်မှုတော့ ရတယ်၊ ဒါပေမယ့် ပူးတွဲလုပ်လို့တော့ မရဘူး” ဟု ပြောသည်။
PNLO မှာ တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ပအိုဝ်း လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။