ဝါရှင်တန်၊ ဇန်နဝါရီ ၂၉

ထိုင်ဝမ်လွတ်လပ်ရေးကို အမေရိကန်အားပေးလျှင် တရုတ်နှင့်အမေရိကန်တို့သည် စစ်ရေးပဋိပက္ခတစ်ခုဖြစ်ပွား၍ အဆုံး သတ်သွားနိုင်ကြောင်း ဝါရှင်တန်ဆိုင်ရာ ဘေဂျင်းသံအမတ် ကွင်ဂန်း (Qin Gang) က သတိပေးပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

“ဒါကို အလေးပေး ပြောပါရစေ။ ထိုင်ဝမ်ပြဿနာဟာ တရုတ်နဲ့အမေရိကန်ကြားမှာ အကြီးမားဆုံး မီးစတစ်စဖြစ်ပါတယ်” ဟု ၎င်းက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အမေရိကန်မီဒီယာတစ်ခုဖြစ်သော National Public Radio နှင့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။

“တကယ်လို့ အမေရိကန် အားပေးအားမြှောက်နဲ့ ထိုင်ဝမ်အာဏာပိုင်တွေဟာ လွတ်လပ်ရေးယူဖို့ လမ်းကို ဆက်လျှောက် နေ မယ်ဆိုရင် စစ်ရေးပဋိပက္ခအဖြစ် အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အမေရိကန်တို့ ပါဝင် ပတ်သက်လာ နိုင်ခြေများနေပါ တယ်”ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

၎င်း၏ ပြောကြားချက်နှင့်ပတ်သက်၍ အမေရိကန်အာဏာပိုင်များထံမှ လတ်တလော သဘောထား မှတ်ချက် ထွက်ပေါ်လာ ခြင်း မရှိသေးပေ။

ယူကရိန်းအရေးကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ဆွေးနွေးမှုအပြီး နာရီပိုင်းအတွင်း ယခုကဲ့သို့ သံအမတ်နှင့်အင်တာဗျူးကို ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်ပြည်သူများကိုတွေ့ရစဉ်။(Reuters)

တရုတ်သည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည်ဟု ပြောကြားထားပြီး ကျွန်း ၏ အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား တောင်းဆိုရန် ပြီးခဲ့သည့် နှစ်နှစ်ခန့်က စတင်၍ ဖိအား ဆက်တိုက်ပေးခဲ့ သည်။

သို့သော် ထိုင်ဝမ်အပေါ် စစ်ရေးအရ အရေးယူရန် တရုတ်အစိုးရအရာရှိများက သတိပေးခဲ့သော်လည်း အမေရိကန်နှင့် တိုက် ရိုက် ချိတ်ဆက်မှု ရှိနေခြင်းကလည်း ၎င်းတို့အတွက် ထူးခြားမှုတစ်ခုဖြစ်သည်။

တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းတို့ကြားရှိ ရေလက်ကြားသို့ တရုတ်စစ်တပ်က လေကြောင်းပျံသန်းမှု အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ခြင်းကြောင့် မကြားသေးမီလများ၌ ပိုမိုတင်းမာလာခဲ့သည်။  

အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံရေးမရှိသော်လည်း ၎င်း၏ အဓိကကျောထောက် နောက်ခံနှင့် လက်နက်ပံ့ပိုး သူ ဖြစ်နေသည်။

“တရုတ်သည် ထိုင်ဝမ်ကို လာမည့် ၆ နှစ်အတွင်း ကျူးကျော်သိမ်းပိုက်နိုင်ရန် ရည်မှန်းထားပြီး မဝေးလှသောကာလတွင် ထိုသို့ လုပ်ဆောင်ရန် ဦးတည်ထားကြောင်း” အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမက်မိုင်လီက ယမန်နှစ်၌ ကွန်ဂရက်(လွှတ်တော်)သို့ ပြောကြားခဲ့ပြီးဖြစ်သည်။

Source: Aljazeera