CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅
သေဒဏ်ချခံရသည့် တော်လှန်ရေးသမားများအားလုံးအတွက် စိတ်ထိခိုက်ရသလို တဖက်ကလည်း မိမိတို့ တော်လှန်ရေး ကို မြန်မြန် အောင်မြင်အောင် လုပ်ရမည်ဆိုသည့် သံဓိဌာန်လည်း ပိုမိုခိုင်မာလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
NUG ၏ အစည်းအဝေးအမှတ်(၄၀) ၃/၂၀၂၂ ကို ယနေ့(ဇန်နဝါရီ ၂၅ ရက်) နံနက် ၁၀ နာရီက ကျင်းပစဉ် ၎င်းက အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “စစ်အုပ်စုကို ခုခံတွန်းလှန်ရင်း ကျဆံးသွားရတဲ့ မြန်မာပြည်အရပ်ရပ်က သူရဲကောင်းတွေ အတွက်လည်း အလွန်စိတ်ထိခိုက်ရသလို အပြစ်မဲ့ ပြည်သူကိုပါမရှောင် နည်းမျိုးစုံနဲ့ဒုက္ခပေးနေကြတာတွေအတါက်လည်း ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်း၊ မကြာခင် ရက်ပိုင်းအတွင်းက မတရားသဖြင့် သေဒဏ်ချခံလိုက်ရတဲ့ တော်လှန်ရေး ရဲဘော် ၂ ဦးဖြစ်တဲ့ ဦးဂျင်မီနဲ့ဦးဖြိုးဇေယျသော်တို့ အပါအဝင် သေဒဏ်ချခံရတဲ့ တော်လှန်ရေးသမားများအားလုံးအတွက် စိတ်ထိခိုက်ရသလို တဖက်ကလည်း ငါတို့တော်လှန်ရေးကို မြန်မြန်အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ သံဓိဌာန်လည်း ပိုမို ခိုင်မာလာတယ်”ဟု ပြောသည်။
အောင်မြင်မှုများ ရခိုင်ရေးအတွက် ပြည်သူများ ယုံကြည်အားကိုးကြသည့် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လည်း ပြည်သူများနှင့်ထိုက်တန်သည့် ရလဒ်တစ်ခုကို ဆောင်ကြဉ်းပေးနိုင်ရန် အားကုန်ရုန်းကန်ကြရမည့် နှစ်လည်းဖြစ် သည်ဟု ၎င်းက ပြောသည်။
NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူတွေအတွက်လည်း ဒီတော်လှန်ရေးဟာ အတော်ပင်ပန်းဆင်းရဲလှ ကြောင်း၊ ဒါပေမယ့် အရှိန်လျော့မသွားဘဲ ဆက်လက်တွန်းလှန်နေတဲ့ ပြည်သူတွေနဲ့အတူ အမြန်ဆုံး အောင်မြင်မှုတွေ ရရှိအောင် ပိုမို အားကောင်းအောင်၊ အားဖြည့်ကြရင်း ကျနော်တို့ ရှေ့ဆက်သွားကြမှာဖြစ်ပါကြောင်း။ ကျနော်တို့ တော်လှန် ရေးဟာ zero ကနေ စကြရတာဖြစ်ပြီး အခုအချိန်အထိလည်း နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ သိသာထင်ရှားစွာ မရ သေးပေမယ့် ပြည်တွင်းပြည်ပက ကျနော်တို့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ သွားနေကြတာဖြစ်ကြောင်း၊ ဒီလိုသွားရင်းနဲ့ အောင်မြင်မှုဟာ မြင်နေရပြီမို့ ဆက်လက်ကြိုးပမ်းကြဖို့ ပြောကြားလိုပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှု မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ သည်။
ထို့နောက် ဒီမိုကရေစီအင်အားစုများ စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဖွဲ့စည်းကာ နိုင်ငံတော်အာဏာ ပြန်လည် ရရှိရေးကြိုးပမ်းလျက်ရှိနေသည်။