CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ တဆင့် နည်းအမျိုးမျိုးဖြင့် နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု အား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လှုံ့ဆော်မှုများပြုလုပ်ပါက အရေးယူသွားမည်ဟု နစက၏ ပြည်ထဲ ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောသည်။
ယနေ့(ဇန်နဝါရီ ၂၅ ရက်)က ကျင်းပခဲ့သည့် နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက်သည့် အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်းပြောသွားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က “CRPH၊ NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူလူထုကို အကြောက် တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ဝါဒဖြန့်ခြင်း၊ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ဝါဒဖြန့် မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊အားပေးကူညီခြင်းများပြုလုပ်လျှင်အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့်ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါတယ်”ဟု ပြောသည်။
ထို့နောက် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်များကို အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သည်ဟုလည်း နစက-က ထုတ်ပြန်ထားသည်။
လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက “ ဒါကတော့ဗျာ ကျနော်တို့ရဲ့ အခွင့်အရေးကို ပိတ်ပင်တားဆီးတာပါပဲ၊ တစ်နည်းပြောရ ရင် သူတို့မကြိုက်တာကို မလုပ်စေချင်ရင် သူတို့ကလည်း လူထုမကြိုက်တဲ့ဟာကို အစကတည်းက မလုပ်သင့်ဘူးပေါ့ဗျာ။ ဒီလောက်ပဲ ပြောချင်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလက တပ်မတော်မှ အရပ်သားအစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာ ရင်း အငြင်းပွားမှုအား မဖြေရှင်းပေးဘူးဟုဆိုကာ ဖြုတ်ချခဲ့သည်။ ထို့နောက် နိုင်ငံတွင် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်များကနေတဆင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ရေးသားလွှင့်တင်လာခဲ့ကြသည်။