CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အစုအဖွဲ့က ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ)ဦးဆောင်သောအဖွဲ့ကို ပါတီ သစ်တည်ထောင်ရန် ကြိုးစားသည်ဟုဆိုကာ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)မှ ထုတ်ပယ် လိုက်ကြောင်း ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်နှင့်အဖွဲ့သည် ALP ဥက္ကဋ္ဌ ခိုင်ရဲခိုင် ရှိနေသော်လည်း ပါတီ၏ အမည်၊ အမှတ် တံဆိပ်၊ အောင်လံတော်နှင့် ဆက်စပ်တံဆိပ်များကို အသုံးပြုပြီး ထုတ်ပြန်ချက်တစ်စောင်ကို ဥက္ကဋ္ဌဟု ခံယူထုတ် ပြန်ခဲ့ခြင်းကြောင့် ALP ပါတီကနေ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ALP က အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗဟိုကော်မတီဝင်တွေ နိုင်ငံရေး ဦးဆောင် အဖွဲ့ကို ကျနော်တို့က ထုတ်ပြန်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အဲဒီထုတ်ပြန်ချက်ထဲမှာ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ကို အကြံပေး ဆိုတဲ့နေရာမှာ ကျနော်တို့ ထားပါတယ်။ အဲဒါကို ခိုင်စိုးနိုင်အောင်က မကြိုက်တဲ့အတွက် သူ့ဟာနဲ့သူ ပါတီဥက္ကဋ္ဌ ဆိုပြီးတော့ သူ့ဟာနဲ့သူ တခြား ALP အဟောင်းတွေပေါ့လေ၊ နိုင်ငံခြားတွေမှာ ရောက်နေတဲ့သူ တော်တော်များများပေါ့၊ အောက်ခြေနဲ့ ပါတီနဲ့ ဆက်စပ်မှုမရှိတဲ့ လူတော်တော်များများ သုံးဆယ်ကျော်လောက်ပေါ့လေ။ သူ့ဟာသူ ဥက္ကဋ္ဌဆိုပြီးတော့ ထုတ်ပြန်ချက် တစ်ခု ထုတ်လာပါတယ်။ ဒီဟာက ပါတီက ၂ ခုလိုလိုဖြစ်သွားပါတယ်။ တကယ်ဆိုရင် ကျနော်တို့ပါတီရဲ့ ဖွဲ့စည်းပုံအရ အဲ့လို ပါတီခွဲထောင်ရင် ကြီးမားတဲ့ ပြစ်ဒဏ်တွေရှိပါတယ်။ အများဆုံး ဥပမာပြောရရင် သေဒဏ်အဆင့်လောက်တောင် ရှိပါတယ်။ ပါတီရဲ့ ဖွဲ့စည်းပုံအရပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ သူတို့နဲ့ နောက် အပေါင်း အပါ ၂ ယောက်ပေါ့။ ခေါင်းဆောင် ၂ ယောက်ကို ပါတီကနေ အပြီးအပိုင် ထုတ်ပယ်လိုက်တယ်ဆိုတဲ့အကြောင်း ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့်မို့ ဒီကိစ္စက အဲဒီလို ဖြစ်လာတာဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် ခိုင်စိုးနိုင်အောင်၊ ခိုင်ကျော်လှိုင်၊ ခိုင်လင်းခိုင်တို့ကို ပါတီက ထုတ်ပယ်လိုက်ပြီးဖြစ်၍ ၎င်းတို့အနေဖြင့် ALP ပါတီပုံရိပ် အား အသုံးပြုခွင့် မရှိတော့ကြောင်း ALP အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ပြောသည်။

ALP တပ်ဖွဲ့ကိုတွေ့ရစဉ်။

၎င်းက “ကျနော်တို့က သူတို့ကို ပါတီက ထုတ်ပယ်လိုက်တယ်ဆိုတော့ သူတို့က ALP ပါတီနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိတော့ ပါဘူး၊ အဓိက ဒီခေါင်းဆောင် သုံးယောက်ပေါ့၊ တခြားပါတဲ့ သူတွေကတော့ Field ထဲမှာ ရှိတဲ့သူတွေ မဟုတ်ပါဘူး၊ သိလို့ဖြစ် စေ မသိလို့ဖြစ်စေ ပါတဲ့သူတွေ အများကြီးရှိနိုင်ပါတယ်။ လက်ရှိမှာ ကျနော်တို့က ဆက်ပြီးတော့ သူ့ဟာသူပါတီထောင်တယ်၊ ကျနော်တို့က ဥက္ကဋ္ဌလည်း တစ်ယောက်လုံးရှိနေတဲ့ ကျနော်တို့ဟာ ဌာနချုပ်မှာ အိန္ဒိယ-မြန်မာနယ်စပ်မှာ ဥက္ကဋ္ဌလည်း တစ်ယောက်လုံး ရှိနေတယ်။ ကျနော်တို့ စစ်ဦးစီးချုပ်လည်း လက်ရှိ ရှိနေတယ်။ အဲဒါတွေကို အကုန်လုံးထားပြီးတော့ သူ့ဟာ သူ ဥက္ကဋ္ဌပေးတဲ့တာဝန်ကို သူ့ဟာသူ အကြံပေးနေရာကို မကြိုက်လို့ ဥက္ကဋ္ဌဆိုပြီးတော့ ALP ပါတီရဲ့ နာမည် လိုဂို တံဆိပ်တွေ နဲ့ပဲ ထုတ်လာတယ်ဆိုတော့ အခုနောက်ပိုင်း သူတို့ကို ထုတ်ပယ်လိုက်တယ်ဆိုတော့ ကျနော်တို့က ဆက်ပြီးတော့ လုပ်နေတာ တွေ တရားမဝင်ဘူးလို့ ပြောချင်တယ်။ သူက ALP မူပိုင် မဟုတ်တော့ဘူးပေါ့နော်။ အဲဒါတွေကို ဆက်သုံးလို့ မရတော့ဘူး၊ သူ နဲ့ ALP လုံးဝ မသက်ဆိုင်တော့တဲ့အကြောင်းကို ကျနော်တို့က ပြောရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အစုအဖွဲ့က ALP သည် လက်နက်ကိုင်လမ်းစဥ်ဖြင့် တိုက်ပွဲဝင်သွား ရန် သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်း ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ)ဉီးဆောင်သည့် အစုအဖွဲ့က ဥက္ကဋ္ဌအဖြစ် ခိုင်စိုးနိုင်အောင်၊ ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ခိုင်မာယုနှင့် ဗိုလ်မှူးကြီး ခိုင်ထွန်းဝင်းတို့က တာဝန်ယူမည်ဖြစ်ပြီး ပထမထုတ်ပြန်ချက်တွင် ခေါင်းဆောင်ပိုင်း တချို့က ပါတီ ဖွဲ့စည်းပုံနှင့်မညီဘဲ တရားမဝင် ထုတ်ပြန်ချက်ဖြစ်သည့်အတွက် ပါတီတွင်း သဘောထားကွဲလွဲမှု မဖြစ်ပေါ်စေရန် နိုင်ငံရေး ဦးဆောင်ကော်မတီ တစ်ရပ်ကိုဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့်အဖွဲ့သည် NCA လမ်းကြောင်းနှင့် သွေဖယ်သည့် လက်နက်ကိုင်လမ်းစဉ်ကို ထုတ်ပြန်ခဲ့ခြင်းကြောင့် အဖွဲ့ အတွင်း သဘောထားကွဲလွဲခဲ့၍ အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရန်နှင့် ပါတီညီလာခံခေါ်ယူရန် ထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပယ်ခံရသူ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခိုင်မာယုက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုလက်ရှိ နောက်ဆုံးအနေအထားအရ NCA ကိုလည်း ပစ်ပယ်လို့ မရသေးဘူး၊ ကျနော်တို့ NCA လက်မှတ်ထိုးထား တဲ့ EAOs (၁၀)ဖွဲ့ဆိုတဲ့ဟာကလည်း ဒီအတိုင်း ရှိနေပါသေးတယ်။ အခုလည်း NCA ကို မပစ်ပယ်သေးပါဘူး။ အားလုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကမှ လူအများက NCA ကို လက်ခံလို့ မရတော့ဘူး၊ NCA နဲ့ ကျနော်တို့ လျှောက်လို့ မရတော့ဘူးဆိုတဲ့ တစ်နေ့ကျရင်တော့ အများအတိုင်းပဲ ကျနော်တို့ လုပ်တာကောင်းတယ်။ အခုကျနော်တို့ EAOs (၁၀)ဖွဲ့က တစ်ဖွဲ့မှလည်း လက်နက်ကိုင် လမ်းစဉ်ချီတက်တာမရှိဘူး၊ ကျနော်တို့က နည်းနည်းပြင်းထန်တယ်၊  ကျနော်တို့ NCA ကို လည်း လက်မလွှတ်သင့်ဘူး၊ NCA နဲ့လည်း ရှေ့ဆက်ပြီးတော့ ရသေးတယ်ဆိုတော့ အမြင်က နှစ်ဖက်ဖြစ်တယ်ပေါ့” ဟု ပြော သည်။

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့တွင် ပါဝင်သည်။