CNI International News

လန်ဒန်၊ ဇန်နဝါရီ ၂၅

၂၀၂၀ ပြည့်နှစ်က ၎င်း၏မွေးနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းနေအိမ်တွင် လူစုလူဝေး ပြုလုပ်ခဲ့ခြင်းကို ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ဝန်ခံလိုက်ပြီးနောက် ဘောရစ်ဂျွန်ဆင်အပေါ် ဖိအားများ တိုးလာခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်း အရ သိရသည်။

အဆိုပါ မွေးနေ့ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး ကိတ်မုန့်ယူဆောင်လာသူ ဂျွန်ဆင်၏ ဇနီး သည်က လူစုခဲ့ခြင်းဖြစ်ကြောင်း ITV သတင်းတွင် ဖော်ပြထားသည်။

ဂျွန်ဆင်၏ တိုက်ခန်းကို ဦးဆောင်မွမ်းမံပေးခဲ့သူ အစိုးရဝန်ထမ်းမဟုတ်သည့် အိမ်တွင်းဒီဇိုင်နာ လူလူလေတယ် အပါအဝင် လူ ၃၀ ခန့် ဝန်ကြီးချုပ်၏ မွေးနေ့ပွဲ တက်ရောက်ခဲ့ကြကြောင်း ITV ရုပ်သံသတင်းတွင် ထုတ်လွှင့်သွားခဲ့သည်။

၎င်းတို့အုပ်စုလိုက် Happy Birthday to Johnson ဟု ဝိုင်းဝန်းသီဆို ဂုဏ်ပြုခဲ့ကြသော မွေးနေ့ပါတီပွဲသည် မိနစ် ၂၀ မှ ၃၀ အထိ ကြာမြင့်ခဲ့သည်။

“အဲဒီနေ့က အမှတ် ၁၀ နေအိမ်မှာ ဝန်ထမ်းတစ်စုက ဝန်ကြီးချုပ်ကို မွေးနေ့ဖြစ်ပါစေဆိုပြီး အစည်းအဝေးပြီးတာနဲ့ ဝန်ကြီး အဖွဲ့ရုံးခန်းထဲမှာ ခဏတဖြုတ် လူစုမိခဲ့တာ ဖြစ်ပါတယ်။ သူတို့တတွေ အဲဒီအခန်းမှာ ၁၀ မိနစ်လောက်တောင် မကြာလိုက် ပါဘူး”ဟု အစီရင်ခံစာကို တုံ့ပြန်ခဲ့သော ဒေါင်းနင်း၏ ကြေညာချက် တစ်စောင်တွင် ပြောကြားထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဒေါင်းနင်းလမ်း နေအိမ်ကထွက်လာစဉ်။(AP)

ထိုနေ့ ညနေနှောင်းပိုင်းတွင်လည်း ဂျွန်ဆင်၏ တိုက်ခန်း၌ မိသားစုနှင့် သူငယ်ချင်းတစ်စုလည်း ပါတီပွဲ ဆက်လက် ကျင်းပခဲ့ ကြောင်း ITV ရုပ်သံဌာနနှင့် Independent သတင်းစာတို့က အသီးသီးဖော်ပြကြသည်။

သို့သော် “ယင်းဖော်ပြချက်များသည် မှန်ကန်မှုမရှိကြောင်း” ဝန်ကြီးချုပ်ရုံးက ငြင်းဆိုခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း ၎င်းအစိုးရ ထုတ်ပြန်ထားသည့် ကပ် ရောဂါဆိုင်ရာ စည်းမျဉ်းများကို ကိုယ်တိုင်ချိုးဖောက်လျက် lockdown ကာလအတွင်း လူစုလူဝေးပါတီပွဲ ကျင်းပခဲ့ခြင်းအပေါ် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

ဥရောပတွင် ကပ်ရောဂါကြောင့် လူအသေအပျောက် အများဆုံးဖြစ်ခဲ့ရသော ဗြိတိန်နိုင်ငံတွင် ဝန်ကြီးချုပ်၏သတင်း ကြားသိရ သည့် ပြည်သူများ ဒေါသထွက်ခဲ့ကြပြီးနောက် ဖြစ်စဉ်များအပေါ် တရားဝင် စုံစမ်းတွေ့ရှိချက်များအား ယခုသီတင်းပတ်တွင် ထုတ်ပြန်မည်ဖြစ်သည်။

ဗြိတိန်ကိုဗစ် တားမြစ်ချက်။(Reuters)

“ဂျွန်ဆင်ဟာ သူ့အခွင့်အာဏာ လုံးဝဆုံးရှုံးသွားပြီ” ဟု လက်ဝဲဝါဒ ဦးစားပေး သတင်းဌာန တစ်ခုဖြစ်သည့် Daily Telegraph တွင် နစ်တင်မိုသီက မှတ်ချက်ပြုခဲ့သည်။ တင်မိုသီသည် ဂျွန်ဆင်၏ရှေ့က ဝန်ကြီးချုပ်ဖြစ်သူ ထရီဆာမေလက်ထက်၌ ဒေါင်းနင်းလမ်းနေအိမ် ဦးစီးအရာရှိ တာဝန်ယူခဲ့ဖူးသည်။

“ဂျွန်ဆင်ရဲ့အခွင့်အာဏာ ယိုင်လဲသွားတာက နိုင်ငံရေးလောက ကမောက်ကမ ဖြစ်စေပါတယ်။ ကွန်ဆာဗေးတစ်တွေ အတွက်လည်း အန္တရာယ်များစေပါတယ်။ ဂျွန်ဆင်ကို လူကြိုက်မများတော့ဘူး။ သူ့အစွမ်း ကျသွားပြီ” ဟု ၎င်းက ပြောသည်။

အသက် ၅၇ နှစ်ရှိ ဂျွန်ဆင်သည် ဒေါင်းနင်းလမ်းရှိ နေအိမ်တိုက်ခန်းကို ကုန်ကျစရိတ်ကြီးမားစွာဖြင့် ပြုပြင်မွမ်းမံခြင်းနှင့် ၎င်း ကြီးကြပ်မှုအောက်ရှိ ဝန်ကြီးများ အကျင့်ပျက်ခြစားမှု အပါအဝင် အငြင်းပွားရာ စွပ်စွဲချက်များကြောင့် နိုင်ငံရေးဂုဏ်သိက္ခာ ညှိုးနွမ်းသွားခဲ့ရသည်။

Source: Aljazeera