၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးမြို့နယ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင်ကို ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

စိုင်းဘိုဘိုအောင်သည် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သလို လူမှုကွန်ယက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေမှုနှင့် ဆက်စပ်၍ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်က လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ခန္တီးမြို့နယ် TNDP မှ ဗဟိုအလုပ်မှု‌ဆောင်အဖွဲ့ဝင် ဦးတင်မြင့်က “၂၀ ရက် ၁ လ နေ့က အမိန့်ချလိုက်တာပေါ့ဗျာ၊ နှစ်နှစ် ချလိုက်တယ်၊ ၅၀၅ နဲ့ ညှိတယ်ပေါ့ဗျာ၊ သူက ဆန္ဒပြတဲ့နေရာမှာ ရှေ့ဆုံးက ဓါတ်ပုံထဲမှာ ပါနေတာကိုဗျ” ဟု CNI သို့ ပြော သည်။

စိုင်းဘိုဘိုအောင်ကို ဖမ်းဆီးစဉ်က ဖမ်းဝရမ်းမပါပဲ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ခန္တီးအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီးနောက် ယခုမှ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျားနီပါတီကိုတွေ့ရစဉ်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် စိုင်းဘိုဘိုအောင်ကို ပြန်လွတ်မည်ဟု သတင်း‌ထွက်ပေါ် လာသော်လည်း ကန့်ကွက်သူ ရှိနေခြင်းကြောင့် ပြန်လည် လွတ်မြောက်ခဲ့ခြင်းမရှိဟု ဦးတင်မြင့်က ပြောသည်။

၎င်းက “ကန့်ကွက်တဲ့လူ ရှိတယ်ဆိုပြီးမှ ပြောတယ်၊ ဘယ်သူ ကန့်ကွက်တယ်၊ ဘယ်သူလဲ မသိလိုက်ဘူး၊ အဲနေ့က နေ့လည် ပိုင်း သိပြီးတော့ ညနေပိုင်းထွက်မယ်ဆိုပြီးတော့မှ အဲနောက်ပိုင်းမှာ မထွက်ရတော့ဘူး။ ထောင်ထဲမှာပဲ ဆက်နေရတော့တာ” ဟု ပြောသည်။

လက်ရှိတွင် စိုင်းဘိုဘိုအောင်ကို အကျဉ်းထောင်တွင် ၉ လခန့် ချုပ်နှောင်ထားမှုကိုလည်း လျော့ရက်အဖြစ် သတ်မှတ်ပေးစေ လိုကြောင်း ၎င်းပြောသည်။

စိုင်းဘိုဘိုအောင်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ခန္တီးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သည်။