လီလွန်ဂွေး၊ ဇန်နဝါရီ ၂၅

ဝန်ကြီးများကို အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ထားခြင်းကြောင့် မာလာဝီနိုင်ငံတစ်ဝန်း အစိုးရအဖွဲ့တစ်ရပ်လုံးကို ဖျက် သိမ်းလိုက်ကြောင်း သမ္မတချက်ဝီရာက မိန့်ခွန်းပြောစဉ် ထည့်သွင်းကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

အကျင့်ပျက်ခြစားမှု အစွပ်စွဲခံထားရသည့် ဝန်ကြီး ၃ ဦးနှင့် အခြားအစိုးရ အရာရှိများအနေဖြင့် ၎င်းတို့အပေါ် စွဲချက်များကို ရင်ဆိုင်စေရန် ဆုံးဖြတ်လိုက်ကြောင်း ဇန်နဝါရီ ၂၄ ရက်နှောင်းပိုင်း၌ သမ္မတ ချက်ဝီရာက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား လိုက်သည်။

“ကျနော့်အစိုးရတစ်ဖွဲ့လုံးကို လတ်တလော ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့သစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို နှစ်ရက်အတွင်း မကြေညာမချင်း ကျနော့်ရုံးခန်းထဲ အပြောင်းအလဲ လုပ်နေပါတယ်”ဟု ချက်ဝီရာက တိုင်းပြည်သို့ ပြောကြားသော မိန့်ခွန်းထဲ တွင် ဆက်လက် ကြေညာခဲ့သည်။

မာလာဝီပြည်သူများကိုတွေ့ရစဉ်။(GETTY IMAGES)

ပြန်လည် ပြင်ဆင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့အသစ်ထဲမှ ပြီးခဲ့သည့်လ၌ လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးခံရသူ လန်းစ်ကစ်ဇိုင်း မရှူကဝါကို ဖယ်ရှားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အလုပ်သမားဝန်ကြီး ကန်ဒိုဒိုကို Covid-19 ရန်ပုံငွေများ လမ်းကြောင်းလွှဲမှုဖြင့် စွဲချက်တင်ထားသလို စွမ်းအင်ဝန်ကြီး နယူတန်ကမ်ဘာလာကို လောင်စာဆီ တင်သွင်းခြင်းဆိုင်ရာ သဘောတူညီချက်တွင် ဝင်ရောက်စွက်ဖက်မှု ဖြင့် စွဲချက်တင်ထားသည်။

တရားမျှတမှုကို ရှာဖွေရာတွင် မည်သူတစ်ဦးတစ်ယောက်၏ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း (သို့မဟုတ်) လွှမ်းမိုးခြင်း မရှိရ အောင် အာဏာပိုင်များအနေဖြင့် သေချာစွာ လုပ်ဆောင်ရမည်ဟု မာလာဝီ ကက်သလစ် ဘုန်းတော်ကြီးများအဖွဲ့ဖြစ်သည့် ECM က တိုက်တွန်းခဲ့သည်။

“ဩဇာအာဏာရှိခြင်း၊ ချမ်းသာခြင်း (သို့မဟုတ်) မည်သူမည်ဝါနှင့် ပတ်သက်ခြင်းတို့ကြောင့် အကာအကွယ်ပေးခြင်းမျိုး သံသယဝင်စရာမလိုအောင် လုပ်ဆောင်သွားကြရန်” ဘုန်းတော်ကြီးများ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

မာလာဝီသမ္မတချက်ဝီရာနဲ့ဇနီးကိုတွေ့ရစဉ်။(AFP)

မာလာဝီသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေ၏ လေးပုံတစ်ပုံ နီးပါသည် တစ်ရက်လျှင် နှစ်ဒေါ်လာအောက် သာ ဝင်ငွေရှိကြသည်။

အာဖရိကတောင်ပိုင်းရှိ မာလာဝီနိုင်ငံတွင် ရေကြီးခြင်း၊ ပူပြင်းခြောက်သွေ့မှု အချိန်အတန်ကြာရှိခဲ့ခြင်း၊ သီးနှံဖျက်ပိုးများ ဝင်ရောက်ခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းတို့ကြောင့် နိုင်ငံလူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာအကူအညီ လိုအပ်နေသည်။

အဆိုပါနိုင်ငံသည် အရွယ်အစားသေးသော်လည်း လူဦးရေထူထပ်သိပ်သည်းမှုအများဆုံး အာဖရိက ၁၀ နိုင်ငံထဲတွင် အပါအဝင် ဖြစ်သည်။

နိုင်ငံကို အုပ်ချုပ်နေသည့် တွန့်စ်မဟာမိတ်ညွန့်ပေါင်းအဖွဲ့ (Tonse Alliance) ရှိ သက်တမ်းအရင့်ဆုံးနှင့် အင်အား အကောင်း ဆုံး မာလာဝီကွန်ဂရက်ပါတီ (MCP) ၏ အကြီးအကဲဖြစ်သူ သမ္မတ ချက်ဝီရာက လာမည့် ၄၈ နာရီအတွင်း အစိုးရအဖွဲ့အသစ် ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

 

Source: Aljazeera