အိုဂါဒူးကူး၊ ဇန်နဝါရီ ၂၅

အာဖရိကတိုက် အနောက်ပိုင်းရှိ ဘာကီနာဖာဆိုနိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ရက်အကြာတွင် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် သမ္မတ ဖမ်းဆီးခံရပြီး စစ်တပ်က နိုင်ငံ့အာဏာအရပ်ရပ်ကို ထိန်းချုပ်သိမ်းပိုက် လိုက်ပြီဟု အစိုးရရုပ်သံလိုင်းမှနေ၍ ဆယ်ဂဏန်းရှိသော စစ်ခေါင်းဆောင်များက ဇန်နဝါရီ ၂၄ ရက်၌ ထုတ်လွှင့် ကြေညာသွား ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်မှာ တွေ့ရသည်။

အိမ်နီးချင်းနိုင်ငံအချို့၌ အစ္စလာမ္မစ်အစွန်းရောက် တိုက်ခိုက်မှုများကြောင့် ဒေသတွင်းနယ်မြေအပိုင်းအခြား သုံးပုံတစ်ပုံခန့် ၁၈ လကြာ ဆူပူအုံကြွမှုဂယက်များ ရိုက်ခတ်ခဲ့သော ဘာကီနာဖာဆိုနိုင်ငံတွင် ယခုလကုန်ပိုင်း၌ စစ်တပ်အာဏာသိမ်းမှု ရုတ်တရက် ဖြစ်ပွားခဲ့သည်။

နိုင်ငံကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး မျိုးချစ်လှုပ်ရှားမှုအဖြစ် သမိုင်းပေးတာဝန်များကို ထမ်းဆောင်ရန် မိမိတို့ဆုံးဖြတ်ခဲ့ကြောင်း စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ကြီးစစ်ဆိုကာဘာအွန်ဒရာဂိုက ပြောကြားခဲ့သည်။

လုံခြုံရေးအခြေအနေ ယိုယွင်းလာပြီး နိုင်ငံအကျပ်အတည်းကို သမ္မတ မကိုင်တွယ်နိုင်တော့၍ ၎င်းသမ္မတ၏ ရာထူးသက်တမ်း အား အဆုံးသတ်စေခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သမ္မတကာဘိုးကို မည်သည့်နေရာတွင် ထားရှိကြောင်း လတ်တလော မသိရသေးပေ။

သမ္မတကာဘိုးကိုတွေ့ရစဉ်။(Reuters)

“ယခုအာဏာသိမ်းမှု၌ ၎င်းတို့ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းမရှိဘဲ အာဏာသိမ်းခဲ့ကြောင်း” စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ရှင်းပြခဲ့သည်။

 အခြေအနေ ပြင်းထန်လာ၍ သမ္မတကာဘိုးသည် ၎င်း၏နှုတ်ထွက်လွှာကို ရေးသားတင်သွင်းခဲ့ရကြောင်း အမည်မဖော်လိုသူ တပ်တွင်းမှ စစ်သားတစ်ဦးက အေပီသတင်းဌာနသို့ ပြောသည်။

ဘာကီနာဖာဆို ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားလိုက်ပြီး အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းကြောင်း စစ်တပ် အာဏာ သိမ်းခေါင်းဆောင်က ကြေညာခဲ့ပြီး နယ်မြေအချို့ကို ပိတ်ဆို့ထားလျက် ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ ညဘက်လမ်းမထွက်အမိန့် ထုတ်ခဲ့သည်။

နောက်ထပ် အသေးစိတ် အချက်အလက်များကို ၎င်းတို့က ပြောကြားခဲ့ခြင်းမရှိဘဲ လတ်တလော စစ်တပ်အစိုးရ ခေါင်းဆောင် အသစ်များက ရွေးကောက်ပွဲကျင်းပရေးအတွက် လူတိုင်းလက်ခံနိုင်သော အချိန်အတိုင်းအတာတစ်ရပ်ကို ညှိနှိုင်းနေကြောင်း ဗိုလ်ကြီးအွန်ဒရာဂိုက ပြောကြားခဲ့သည်။

ဘာကီနာဖာဆိုပြည်သူများ ကန့်ကွက်နေကြစဉ်။(AP)

ရုပ်သံလိုင်းမှ ကြေညာချက်အပြီးတွင် လူအုပ်ကြီး လမ်းမပေါ်သို့ တက်လာခဲ့ပြီး မော်တော်ယာဉ် ဟွန်းများတီးကာ ကြွေးကြော် သံများ အော်ဟစ်ခဲ့ကြသည်။ ဘာကီနာဖာဆိုနိုင်ငံတစ်ဝန်း ဂျီဟက်ဝါဒီများ၏ အကြမ်းဖက်မှုများ ပျံ့နှံ့လာချိန်မှစ၍ ၎င်းတို့ ကြုံတွေ့ခဲ့ရသော ပျက်စီးယိုယွင်းမှုများကို ယခုစစ်အာဏာသိမ်းမှုမှ သက်သာစေမည်ဟု ပြည်သူများ မျှော်လင့်ခဲ့ကြသည်။

“အခုကိစ္စက ဘာကီနာဖာဆိုရဲ့ ဂုဏ်သိက္ခာကို ပြန်ရဖို့ အခွင့်အရေး တစ်ရပ်ပါပဲ။ အရင်စစ်အစိုးရတုန်းကတော့ ကျနော်တို့ စုန်းစုန်းမြှုပ်ခဲ့ဖူးတယ်။ လူတွေလည်း နေ့တိုင်း သေခဲ့ကြတယ်။ စစ်သားတွေလည်း သေတယ်။ ထောင်နဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရဖူးတယ်” ဟု အိုဂါဒူးကူးမြိုလယ်ခေါင် ဆန္ဒထုတ်ဖော်သူတစ်ဦးဖြစ်သည့် မာနျူရယ်စစ်ဆိုသူ ပြောသည်။

စစ်တပ်က သမ္မတကို ဖြုတ်ချဖို့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ခဲ့သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်များ လက်နက်ချ ကြဖို့ တောင်းဆိုခဲ့သည်။

“ဘာကီနာဖာဆိုနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကတိကဝတ် အပြည့်အဝရှိရမှာ ဖြစ်တယ်။ နိုင်ငံထဲမှာ ရင်ဆိုင်နေရတဲ့ ဘက်စုံ၊ ကဏ္ဍစုံ စိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့ ကြိုးပမ်းရာမှာ ပြည်သူများ ထောက်ခံ အားပေး ဖို့ လိုအပ်ပါတယ်” ၎င်းက တိုက်တွန်းတောင်းဆိုခဲ့သည်။

 

Source: AP