ဝါရှင်တန်၊ ဇန်နဝါရီ ၂၅

ယူကရိန်းအပေါ် စစ်ရေးအရ ရုရှား မကြာခင်လှုပ်ရှားတော့မည်ကို စိုးရိမ်မှုတိုးပွားလာသည့်ကြားမှ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)တုံ့ပြန်ရေး၏ တစိတ်တပိုင်းအဖြစ် တပ်ဖွဲ့ဝင်အင်အား ၈,၅၀၀ အား ဥရောပတွင် ဖြန့်ကြက်ထားရန် ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၂၄ ရက်တွင် ညွှန်ကြားလိုက်သည်။

အိမ်နီးချင်း ယူကရိန်းကို ရုရှားသမ္မတ ဗလာဒီမာပူတင် ခြိမ်းခြောက်မှု နောက်ဆုတ်သွားအောင် လုပ်ဆောင်မည်ဟု ဘိုင်ဒန် ကိုယ်တိုင် ပြောခဲ့သည့်အတိုင်း ဥရောပမြေပေါ် အမေရိကန်အခြေစိုက်တပ်ဖွဲ့ဝင်များ တိုးမြှင့်တပ်လှန့်ထားခြင်းဖြင့် ရုရှား၏ မျှော်လင့်ချက် လျော့ကျသွားစေဖို့ ဦးတည်ထားသည်။

ယခု အခင်းအကျင်းသည် ယူကရိန်း၏အနာဂတ်ကို ကျော်လွန်လျက် နေတိုးမဟာမိတ်အဖွဲ့အပေါ် ယုံကြည်ကိုးစားခြင်းဖြစ်ပြီး အမေရိကန် ကာကွယ်ရေးဗျူဟာ အဓိကအချက်လည်း ဖြစ်သည်။ သို့သော် ဗလာဒီမာပူတင်ကတော့ စစ်အေးတိုက်ပွဲ၏ လက်ကျန် အမွေအနှစ်အဖြစ် ရုရှားလုံခြုံရေး ထိပါးလာမှုဟု ရှုမြင်နေသည်။

ယူကရိန်း အကျပ်အတည်းသည် ပူတင်အပေါ် နေတိုးမဟာမိတ် ရပ်တည်ချက် တညီတညွတ်တည်း ပုံဖော်နိုင်ရန် အဓိက စမ်းသပ်ချက် တစ်ရပ်ဟု ကိုယ်စားပြုကြောင်း ဘိုင်ဒန်က မှတ်ယူထားသည်။

ယူကရိန်းအတွက်တင် မဟုတ်ဘဲ အရှေ့ဥရောပရှိ နေတိုးမဟာမိတ် နယ်မြေများအတွက်ပါ အမေရိကန်တပ်ဖွဲ့ဝင် ၈,၅၀၀ ခန့် တပ်ဖြန့်ထားရန် နှိုးဆော်ထားပြီဖြစ်ကြောင်း ပင်တဂွန်၏ သတင်းပြန်ကြားရေးအတွင်းဝန် ဂျွန်ကာဘီ (John Kirby) က ပြော ကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့ကိုတွေ့ရစဉ်။(AFP)

ရုရှားက ကျူးကျော်မည့် အစီအစဉ်မရှိကြောင်း ငြင်းဆိုထားသည်။ အနောက်အုပ်စုနိုင်ငံများ၏ စွပ်စွဲချက်များသည် နေတိုး၏ ရန်လိုသည့် အနေအထားကို ဖုံးကွယ်ထားခြင်း တစ်ခုသာဖြစ်ကြောင်း ရုရှားက အခိုင်အမာပြောကြားခဲ့သည်။

မကြာသေးမီရက်များအတွင်း အောင်မြင်မှု တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသော အလောင်းအစားဆန်သည့် သံတမန် ဆက်ဆံရေးကို မြင်ခဲ့ရပြီး မကြာခင် စစ်ဖြစ်မည့်အရေးအား ပိုမိုအထိတ်တလန့် ဖြစ်လာစေရန် လက်ရှိ ယူကရိန်း အခင်း အကျင်းတွင် ပါဝင်ပတ်သက်နေသော နိုင်ငံများက လုပ်ဆောင်လျက်ရှိသည်။

ယူကရိန်းနယ်စပ်ရှိ ရုရှားစစ်အင်အား အစုအဝေးကို ဟန့်တားနိုင်သည့် လုပ်ရပ်များ မျှတစေရန် ဘိုင်ဒန်က ကြိုးပမ်းခဲ့သည်။ ထို့ပြင် ရုရှားစစ်ရေး တည်ဆောက်မှုနှင့် ကျူးကျော်မှုများ တုံ့ပြန်နိုင်ရန်အတွက် ဥရောပခေါင်းဆောင်များနှင့် ဘိုင်ဒန်က မိနစ် ၈၀ ကြာ ဗီဒီယိုခေါ်ဆို၍ ချပြဆွေးနွေးခဲ့သည်။

“ဥရောပခေါင်းဆောင်အားလုံးနဲ့ လုံးဝစည်းလုံးညီညွတ်တဲ့ တွေ့ဆုံမှုတစ်ခု ကျနော် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ဒီကိစ္စကို နောက်မှ ဆက်ပြောပြပါ့မယ်” ဟု ဘိုင်ဒန်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဥရောပခေါင်းဆောင်များက ယူကရိန်း အကျပ်အတည်းအပေါ် သံတမန်နည်းလမ်းဖြင့် အဖြေရှာဖို့ ၎င်းတို့ဆန္ဒအသီးသီးကို အလေးပေး တိုက်တွန်းခဲ့ကြသော်လည်း ရုရှား၏ရန်လိုမှုကို ဟန့်တားနိုင်ဖို့ ကြိုးစားသွားမည်ဟု အမေရိကန်ဘက်မှ အဓိက ထား ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

Soure: AP