CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ တိုက်ပွဲရှောင်များ နေရပ်ပြန်လာသူ လူအနည်းစုသာရှိသေးပြီး တိုက်ပွဲများလည်း ဖြစ်ပွား နေဆဲဖြစ်ကြောင်း ဒေသခံ ပရဟိတ အသင်းထံမှ သိရသည်။

အဆိုပါ နေရပ်ပြန်လာသူများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လွိုင်ကော်မြို၏ ဘက်ခြမ်းမှ ဒေသခံများဖြစ်ကြောင်း၊ လွိုင် ကော်မြို့၏ ကျန်သည့်နေရာများတွင် တိုက်ပွဲများရှိနေဆဲဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းက တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့မြို့ရဲ့ အခုတိုက်ပွဲဖြစ်နေတဲ့ အခြမ်းက မဟုတ်ဘူးပေါ့၊ တခြားဘက်အခြမ်းက လူတွေကတော့ ပြန်လာကြ တယ်။ လူနည်းစုပါ။ ကျန်တဲ့သူတွေကတော့ လကုန်လောက်ထိ စောင့်နေကြတယ်၊ အခြေအနေကြည့်ပြီး လကုန်လောက်ထိ စောင့်နေကြတယ်။ လကုန်လောက်တော့ ပြန်လာမယ့်သူတွေ တော်တော်များမယ် ခင်ဗျ”ဟု ပြောသည်။

ကယားပြည်နယ်၊လွိုင်ကော်မြိုပေါ် အပါအဝင် နေရာ အများအပြားတွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(KNDF) ပူးပေါင်းအဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ဒေသခံ သောင်းနှင့်ချီသည် ရှမ်းပြည်နယ် တောင်ကြီး၊ဆီဆိုင်၊ညောင်ရွှေ၊ ပင်လောင်း စသည့် မြို့နယ်များသို့ တိုက်ပွဲရှောက်နေကြရသည်။

လက်ရှိတွင် ဇန်နဝါရီ ၂၂ ရက်နေ့မှ စတင်ကာ အဆိုပါ ဒေသတစ်ဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေတည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိနေပြီဖြစ်ကြောင်း၊ ဈေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ၊ ဘုရား၊ စေတီများနှင့် အခြား ဘာသာရေး ကျောင်းများတွင်လည်း ဘုရားဖူး၊ ဝတ်ပြုဆုတောင်းသူများနှင့် ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း နစက -က ထုတ်ပြန်ခဲ့သည်။

လွိုင်ကော်မြို့သို့ ပြန်လည်လာရောက်ကြသည့် တိုက်ပွဲရှောင်များကိုတွေ့ရစဉ်။

ထို့ပြင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ရွာများမှ တိုက်ပွဲရှောင်ပြည်သူ ၃၀၀ ကျော်သည် ၎င်းတို့၏ နေရပ်အသီးသီးသို့ ဇန်နဝါရီ ၂၂ ရက်နေ့က ပြန်လည် ဝင်ရောက်လာခဲ့ကြောင်းလည်း ထိုထုတ်ပြန်ချက်မှာဖော်ပြထားသည်။

ရွှေလွိုင်ကော် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကတော့ တိုက်ပွဲဖြစ်ပွားသည့် လွိုင်ကော်မြို့တွင် နေထိုင်နေသူ အနည်း ငယ်သာရှိသေးကြောင်း၊ မြို့မှာလည်း ခြောက်သွေ့နေဆဲဖြစ်ကြောင်း ပြောသည်။

၎င်းက “ပုံမှန်လည်ပတ်တယ်ဆိုတာ မနက်ခင်းကတော့ လူနည်းနည်းရှိတယ်။ အရင်တုန်းကတော့ ပုံမှန်တော့ မဟုတ်သေး ဘူး ခင်ဗျ။ ရှိတာက လူနည်းနည်းလေး ရှိတာဆိုတော့၊ မနက်ခင်း လိုအပ်တဲ့ ကုန်ခြောက် ကုန်စိမ်းတွေ သွားဝယ်တာ အဲဒါ လောက်ပဲ ရှိတာပါ။ ၁၀ နာရီလောက်ဆိုရင်တော့ လူမရှိတော့ဘူး မြို့က ပြန်ခြောက်သွားပြီခင်ဗျ”ဟု ပြောသည်။

လက်တလောတွင် လွိုင်ကော်မြို့အထွက် ဟိုဖိတ်၊ ဒေါပို့စီ ဒေသများနှင့် ဒီးမောဆိုဒေသ၌ တိုက်ပွဲများ ပြင်းထန်နေကာ တပ်မတော် ဘက်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ပိုပြင်းထန်လာကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့(KNDF) သတင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သို့ ပြောသည်။

၎င်းက “အဓိကက ကျနော်တို့ တစ်ရက်နှစ်ရက်အတွင်းမှာ ကျနော်တို့ လွိုင်ကော်အထွက်ပေါ့၊ ဟိုဖိတ်တို့၊ ဒေါပို့စီတို့နား တစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတာကိုတော့ ကျနော်တို့ ပြောပြလို့ ရတယ်။ ပြီးတော့ ဒီတစ်ရက် နှစ်ရက် တိုက်ပွဲ ဖြစ်တဲ့ပုံစံက အရင်လို မဟုတ်တော့ဘဲ စစ်ကောင်စီက လက်နက်ကြီးတွေ အဆမတန် သုံးတာမျိုးတွေ၊ နောက် လေကြောင်း က တိုက်ခိုက်တဲ့ ပုံစံမျိုးတွေ ဆက်ပြီး လုပ်နေကြတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲဒါကတော့ ကျနော်တို့ လက်ရှိ ကြုံနေ ရတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်။ လွိုင်ကော်ကနေ ထွက်လာတဲ့ဟာမျိုးတွေ၊ ဒီးမောဆို ဘက်ကနေ ထွက်လာတဲ့ဟာတွေ၊ အဲဒါတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားတာမျိုးတွေ ရှိတယ်”ဟု ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ သုံးသိန်းခွဲခန့် ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ (UNOCHA)က သတင်းထုတ်ပြန်ထားသည်။