CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅


ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တံဆိပ်ပါသော အင်္ကျီနှင့် လွယ်အိတ်များ ကုမ္ပဏီပိုင်ရှင်တစ်ဦးထံ ဆက်သွယ်ရောင်းချခဲ့ခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်အရေးယူမည်ဟု နစက-က ယနေ့(ဇန်နဝါရီ ၂၅ ရက်)ထုတ်ပြန်သွားသည်။


အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူသည် နိုင်ငံရေး ရာထူး လက်ရှိဖြစ်ခဲ့စဉ် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက NLD ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကုမ္ပဏီ ပိုင်ရှင်တစ်ဦးထံ ဆက်သွယ်၍ NLD တံဆိပ်ပါသော တီရှပ်အင်္ကျီအထည် ၁၈၀၀၀ အတွက် ကာလတန်ဖိုးငွေကျပ် ၃၁၅ သိန်း ကို လည်းကောင်း၊ NLD တံဆိပ်ပါသော လွယ်အိတ်များဝယ်ယူရန်အတွက် ငွေကျပ် သိန်း ၃၆၀ ကိုလည်းကောင်း လက်ခံရယူ ခဲ့သည်ဟု ဖော်ပြထားသည်။


ထိုသို့ လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ် ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်မြို့မ ရဲစခန်း တွင် ယနေ့(ဇန်နဝါရီ ၂၅ ရက်) ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ သည်ဟု သိရသည်။


ဦးမင်းသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်တွင် ရာထူးအဆင့်ဆင့် အတိုးအမြန်ဆုံးဖြစ်သည်။