CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆
 
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက် လက်တွဲ ဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီက ယနေ့(ဇန်နဝါရီ ၂၆ ရက်)ထုတ်ပြန်ခဲ့သည်။
 
 
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ကြုံတွေ့နေရသော ပြဿနာအကျပ်အတည်းများအား ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားမျှတမှုကို အခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားများကို တန်ဖိုးထားရန် လိုအပ်ပါသည်ဟုလည်း KIO က ပြောသည်။
 
 
KIO က “KIO ဗဟိုကော်မတီသည် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော အခက်အခဲများကိုကျော်လွှားနိုင်ရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်”ဟု ပြောသည်။
 
 
ထို့နောက် တိုက်ပွဲကာလကြာရှည်ပြီး ယင်းအကျပ်အတည်းအား အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံပျက်သုဉ်းရေးသို့ ရောက်ရှိသွားနိုင်ကြောင်းလည်း KIO က သတိပေးထားသည်။

 

အလားတူ (၂၄)ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် ကိုယ်လက်အင်္ဂါ မသန်စွမ်း အားကစားပြိုင် ပွဲကို တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံ ပီကင်းမြို့တွင် ကျင်းပမည်ဖြစ်သောကြောင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် နယ်စပ်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် စစ်ပွဲများရပ်တန့်ထားရန် တိုက်တွန်းချက်များရှိသောကြောင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် အလေးပေး စဉ်းစားရမည့်အချက်ဖြစ်သည်ဟု ရှုမြင်ကြောင်း KIO ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။