အိုဂါဒူးကူး၊ ဇန်နဝါရီ ၂၆

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံသမ္မတ ကာဘိုးကို ဖြုတ်ချပြီး နိုင်ငံ့အာဏာသိမ်းယူခဲ့သည့် စစ်အစိုးရသစ်ကို ထောက်ခံ ကြောင်း ပြသသည့်အနေဖြင့် ဘာကီနာဖာဆိုနိုင်ငံ၏မြို့တော် အိုဂါဒူးကူးရှိ လမ်းမများပေါ်တွင် လူပေါင်းရာနှင့်ချီ၍ ဇန်နဝါရီ ၂၅ ရက်က ချီတက်ခဲ့ကြကြောင်း အေပီသတင်းအရ သိရသည်။

မြို့တော် အိုဂါဒူးကူးတွင် သေနတ်ပစ်ခတ်သံများနှင့် မသေချာမရေရာမှုများ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် အဆုံးသတ်ခဲ့ပြီး နိုင်ငံပိုင်မီဒီယာမှနေ၍ ဆယ်ဂဏန်းမျှရှိသော စစ်သားများက ၎င်းတို့ အဖွဲ့အစည်း အသစ်ဖြစ်သည့် ကာကွယ်စောင့်ရှောက် ရေးနှင့် ပြန်လည်ထူထောင်ရေး မျိုးချစ်လှုပ်ရှားမှုအဖွဲ့က တိုင်းပြည်ကို အုပ်ချုပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

“ဒီကနေ့ ဖြစ်ရပ်တွေဟာ ဘာကီနာဖာဆိုနိုင်ငံအတွက် ခေတ်သစ်တစ်ခု စတင်လိုက်တာဖြစ်ပါတယ်။ အခုဖြစ်ရပ်တွေကနေ ဘာကီနာဖာဆို ပြည်သူတွေအားလုံးရဲ့ ဒဏ်ရာတွေကို ကုစားဖို့၊ စည်းလုံးညီညွတ်မှု ပြန်တည်ဆောက်ဖို့နဲ့ ကျနော်တို့ အမြဲ လိုလားနေတဲ့အရာတွေ စုစုစည်းစည်းနဲ့ လှမ်းကိုင်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်” ဟု ဗိုလ်ကြီး စစ်ဆိုကာ ဘာအွန် ဒရာဂိုက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်တွင် အိုဂါဒူးကူးမြို့၌ သီဆိုကခုန် အားပေးသူများဖြင့် ပြည့်နှက်နေခဲ့ပြီး ပြည်တွင်းရှိ အခြားနေရာများတွင် လည်း ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပခဲ့ကြကြောင်း သတင်းများ ပေါ်ထွက်နေခဲ့သည်။

အာဏာသိမ်းစစ်တပ်အစိုးရကို ဘာကီနာဖာဆိုပြည်သူတချို့ထောက်ခံနေကြစဉ်။(AP)

အစ္စလာမ္မစ် အစွန်းရောက်အကြမ်းဖက်မှုကို ထိရောက်စွာ တုံ့ပြန်ခြင်းမရှိ၍ ဝေဖန် အပြစ်တင်ခံခဲ့ရသော သမ္မတကာဘိုးကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အနှံ့အပြားဖြစ်ပွားပြီးနောက် ယခုစစ်အာဏာသိမ်းမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

“အာဏာသိမ်းသွားတဲ့ စစ်အစိုးရကို ထောက်ခံဖို့ ဒီမနက် အရောက်လာခဲ့တာ ဝမ်းသာတယ်ဗျ။ အခု လပိုင်း (ဒါမှမဟုတ်) နောက်တစ်နှစ်ကျရင် ဒီအကြမ်းဖက်ဝါဒကို ချေမှုန်းပစ်ဖို့ ကျနော်တို့ ဆန္ဒရှိပါတယ်” ဟု မြို့တော်တွင် လူထုအစည်းအဝေး ပွဲသို့ တက်ရောက်နေသူတစ်ဦးဖြစ်သည့် စလစ်ကီယန်ဂါဆိုသူက ပြောကြားခဲ့သည်။

စစ်အစိုးရ ထောက်ခံသူအချို့သည် မာလီနှင့် ဘာကီနာဖာဆို အလံများကို ဝှေ့ယမ်းလျက် မာလီစစ်အာဏာရှင် ဗိုလ်မှူးကြီး အက်စမီဂွိုင်တာ ဓာတ်ပုံကို ကိုင်ဆောင်ထားကြသည်။ လတ်တလော ဘာကီနာဖာဆို၏ ခေါင်းဆောင်သစ်ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ပေါလ်ဟီနရစ် ဆန်ဒိုရာ ဂိုဒီမီယာက စစ်အုပ်ချုပ်ရေးသည် မာလီနိုင်ငံရော ဘာကီနာဖာဆိုအတွက်ပါ အကျပ်အ တည်းမှ ထွက်ပေါက်ရရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ နှောင့်နှေးမှုရှိနေသည့် မာလီနိုင်ငံကို မကြာသေးမီက အနောက်အာဖရိကဒေသဆိုင်ရာ စီးပွားရေး အစုအဖွဲ့ ဖြစ်သည့် ECOWAS က ပိတ်ဆို့ အရေးယူထားသည်။

သို့သော် ဘာကီနာဖာဆိုနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုကို ရှုတ်ချသည့် အခြားကန့်ကွက်သူများလည်း ၎င်းတို့ လိုလား ချက်များကို ကြွေးကြော်ခဲ့ကြကြောင်း အေပီသတင်းအရ သိရသည်။

Source: AP