၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်ပွဲများအားလုံး ရပ်တန့်ထားရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကချင်လွတ်လပ် ရေးအဖွဲ့ (KIO)ထံ တောင်းဆိုထားကြောင်း KIO မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ ပြောသည်။
(၂၄) ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် ကိုယ်လက်အင်္ဂါ မသန်စွမ်းအားကစား ပြိုင်ပွဲကို တရုတ်နှစ်သစ်ကူးကာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် တရုတ်နယ်စပ် အပါအဝင် မြန်မာ တစ် နိုင်ငံလုံး စစ်ပွဲများရပ်တန့်ထားရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “အခုအချိန်ကာလမှာတော့ ကျနော်တို့ ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့အတိုင်းပေါ့၊ အိုလံပစ်ပွဲတော် လည်း ကျင်းပနေတဲ့ အချိန်ကာလလည်း ဖြစ်နေတယ်။ နောက်ပြီးတော့ တရုတ်ပြည်ရဲ့ နှစ်သစ်ကူး အချိန်ကာလလည်း ဖြစ် နေတယ်။ ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံရဲ့ အားကစားပွဲတွေကို ကျင်းပတဲ့အချိန်မှာ နယ်စပ်ဒေသမှာလည်း တည်ငြိမ်ဖို့ လို သလို၊ ပြည်တွင်းမှာလည်း တိုက်ပွဲတွေ မဖြစ်အောင်ကတော့ သူတို့ဘက်နေလည်း ကျနော်တို့ ဆီမှာ အကူအညီ တောင်း ထားတာပေါ့နော်။ တိုက်တွန်းထားတာလည်း ရှိပါတယ်၊ အဲတာကြောင့် အဲဒီအကြောင်းကို ကျနော်တို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်” ဟု CNI သို့ ပြောသည်။
ပြည်တွင်းတွင် တိုက်ပွဲကာလကြာရှည်ပြီး ယင်းအကျပ်အတည်းကို အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံ ပျက်သုန်းရေးသို့ ရောက်ရှိသွားနိုင်ကြောင်း KIO မှ ယနေ့ (ဇန်နဝါရီ ၂၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်ဂွမ်မော်နှင့်တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်ကိုတွေ့ရစဉ်။
ပြည်တွင်းပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မှာဖြစ်ကြောင်း တပ်မတော်ဘက်မှ အာဏာရှင်စနစ်ကို စွန့်လွတ်ရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တပ်မတော်ဘက်မှ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုသည်ကို ကြိုဆိုကြောင်းနှင့် တိုင်းရင်းသား၊ ပြည်သူလူထု များ၏ ဆန္ဒများကို အလေးထားရန် အရေးကြီးကြောင်း ၎င်းပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “စစ်ကောင်စီဘက်ကလည်း ငြိမ်းချမ်းရေးကို ဦးတည်သွားမယ်ဆိုတာကတော့ ကျနော်တို့ ကြိုဆိုပါ တယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာကလည်း ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အနှစ်သာရရှိရှိ ဖြေရှင်းတဲ့နည်းနဲ့ တကယ့် ကျနော်တို့ ပြည်သူလူထုတွေရဲ့ လိုလားတောင်းတနေတဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒကိုလည်း အလေးထားဖို့တော့၊ တန်းဖိုးထားဖို့ကတော့အရေးကြီးပါတယ်၊ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကိုလည်း၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကိုလည်း အလေးထားဖို့ကတော့၊ တန်ဖိုးထားဖို့ကတော့ အရေးကြီးပါတယ်။ အဲတာ မထားပဲနဲ့ အဲတာ မလုပ်ပဲနဲ့ သူတို့ ကြိုက်တဲ့ ဘက်ကနဲ့ပဲ ငြိမ်းချမ်းရေးလုပ်မယ်၊ နိုင်ငံရေးဆွေးနွေးမယ်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ စကားလောက်နဲ့ပဲ သွားမယ်ဆိုလို့ရှိရင်တော့ အောင်မြင်မယ်လို့ မယူဆပါဘူး” ဟု CNI သို့ ပြောသည်။
လက်ရှိ နိုင်ငံရေး အကျပ်အတည်းများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် အားလုံးပါဝင်ဖြေရှင်းသည့် ပုံစံနှင့် ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင်မည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကို ဖိတ်ခေါ်ကြောင်း ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။