၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များ အားလုံး ကိုဗစ် ကာကွယ်ဆေးထိုး အပြီး ဖေဖော်ဝါရီလတွင် (၁၇)ကြိမ်မြောက် ကွန်ဂရက်ညီလာခံ ကျင်းပရန် ပြင်ဆင်နေ ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင်၊ ဒေသကိုယ်စားလှယ်များ ပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက် ကို လေးနှစ်တစ်ကြိမ် ကျင်းပလျက်ရှိကြောင်း၊ (၁၆)ကြိမ်မြောက် KNU ကွန်ဂရက်ကို ၂၀၁၇ ခုနှစ်၊ မတ်လက ကျင်းပခဲ့ ကြောင်း၊ ယခု (၁၇)ကြိမ်မြောက် ကွန်ဂရက်အား ဖေဖော်ဝါရီလတွင် ကျင်းပနိုင်ရန် KNU မှ ပြင်ဆင်နေကြောင်း သိရသည်။

ပဒိုစောတောနီးက “ကျနော်တို့ပြင်ဆင်ထားတာ အကုန်လုံးရှိနေပါပြီ၊ သို့သော်ငြားလည်းပဲ တောက်လျှောက် ကျနော်တို့ ကိုဗစ်နဲ့ တွေ့လာတဲ့အခါ ပြောရရင်တော့ တိုတိုပြောရရင်တော့ ကျနော်တို့‌ ခေါင်းဆောင်တွေလည်း ခေါင်းဆောင်တချို့လည်း ကိုဗစ်နဲ့ ဆုံးသွားတာတွေရှိတယ်။ ကျနော်တို့ နောက်ဆုံးကျတော့ ဘယ်လိုလုပ်လဲဆိုတော့ နောက်ဆုံးကျတော့ ကွန်ဂရက် မဖြစ်ခင် ညီလာခံ တက်လာမယ့် ကိုယ်စားလှယ်အားလုံး ကိုဗစ်ထိုးနိုင်ရေးအတွက် ကျနော်တို့ လုံးပန်းတယ်။ အဲဒါကို ကျနော် တို့ ခရိုင်တွေအားလုံးလည်း ဆေးတွေပို့ပေးပြီး အဲဒီမှာ ဒီလကုန်လောက်ဆို အားလုံးထိုးပြီးနိုင်လောက်မယ် ယူဆတဲ့အတွက် ဖေဖော်ဝါရီလမှာ ကျနော်တို့ ကျင်းပနိုင်မယ်လို့ အကြမ်းအားဖြင့် ယူဆလို့ ရတာပေါ့။ သို့သော်ငြားလည်း ဒီဇင်ဘာ ၁၅ ရက် ကလို လေးကေ့ကော်လို အနီးအနားတခွင် တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်လာတဲ့ အခါကျတော့ လုံခြုံရေးအရလည်း ကျနော်တို့ ပြန်စဉ်းစားဖို့ ရှိလာတယ်ခင်ဗျ”ဟု CNI သို့ ပြောသည်။

လက်ရှိ ကျင်းပရန် ပြင်ဆင်နေသည့် (၁၇)ကြိမ်မြောက် ကွန်ဂရက်တွင် KNU ၏ ဖွဲ့စည်းပုံကို ပြန်သုံးသပ်ခြင်း၊ ရှေ့ဆက်သွား မည့် ရှေ့လုပ်ငန်းစဉ်၊ မူဝါဒများ ပြန်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

KNU တပ်ဖွဲ့ကိုတွေ့ရစဉ်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ KNU အနေနှင့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ခွင့်ပြုထားပြီးဖြစ်၍ ညီလာခံတွင် ထူးထူးခြားခြား ပြောစရာမရှိကြောင်းလည်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဆက်လက်ပြောသည်။

၎င်းက “အဲဒါတွေက အထူးအဆန်းတော့ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ တိုက်ပွဲတွေ ဖြစ်လာတယ်ဆိုတာ ကျနော်တို့မှာ မူဝါဒ အရ ရှိပြီးသားလေ၊ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်ဆိုတာ ၂၀၁၈ ကနေ ဗဟိုအမြဲတမ်းကော်မတီကလည်း Argument defense ဆို ပြီးတော့ အဲဒီမူဝါဒ ရှိပြီးသားဆိုတော့ ကိုယ့်ကိုယ် နယ်ကျော်လာရင် ဘာအမိန့်မှ စောင့်စရာမလိုဘူး။ ဒါက  ကိုယ့်ကိုယ်ကို ဒေသမှာရှိတဲ့ တပ်တွေက လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားပြီးသားပါ။ အဲဒါကတော့ ထူးထူးခြားခြား ပြောစရာမရှိပါဘူး”ဟု ပြောသည်။

KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ ခုနှစ် အတွင်းမှာပဲ တပ်မတော်နှင့် KNU ကြား တိုက်ပွဲပေါင်း ၃၀၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူ ၅၀၀၀၀ ကျော်ထိ ရှိလာကြောင်း KNU က ထုတ် ပြန် ထားသည်။