မော်စကို၊ ဇန်နဝါရီ ၂၆

အကျဉ်းချခံထားရသော အတိုက်အခံခေါင်းဆောင် အဲလက်ဇီနေဗယ်နီနှင့် ၎င်း၏ထိပ်တန်းမဟာမိတ်များကို ပြည်တွင်းအကြမ်းဖက်သမားနှင့်အစွန်းရောက်များစာရင်းထဲသို့ ရုရှားအာဏာပိုင်များက ထည့်သွင်းလိုက်သဖြင့် အတိုက်အခံဘက်ကို ထောက်ခံသူများ၊ လွတ်လပ်သောမီဒီယာနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို ဘက်ပေါင်းစုံမှ နှိမ်နင်းနေမှု၏ နောက်ဆုံးလုပ်ရပ်ဖြစ်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အပြင်းထန်ဆုံးဝေဖန်ခဲ့သူ နေဗယ်နီနှင့် ၎င်း၏ထိပ်တန်းလက်ထောက်များ လျူဘော့ဆိုဘော်နှင့် ဂျော်ဂျီအယ်ဘူရော့ဗ်တို့အပါအဝင် မဟာမိတ် ၈ ဦးတို့ကို အကြမ်းဖက်သမားများအဖြစ် ရုရှားဖက်ဒရယ်အစိုးရ၊ ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်လေ့လာရေးဌာန၏ မှတ်ပုံတင်စာရင်းတွင် ဇန်နဝါရီ ၂၅ ရက်က ထည့်သွင်းခဲ့သည်။ ယင်းသို့ ထည့်သွင်းလိုက်ခြင်းကြောင့် အကြမ်းဖက်စာရင်းဝင်သူများ၏ ဘဏ်စာရင်း အသီးသီးကို ဥပဒေအရ ရပ်ဆိုင်းထားရန် လိုအပ်မည်ဖြစ်သည်။

နေဗယ်နီအဖမ်းခံရပြီး တစ်နှစ်ကျော်အကြာ ယခုကဲ့သို့ အကြမ်းဖက်စာရင်းထဲ ထည့်သွင်းခံရခြင်းဖြစ်သည်။ ၎င်းသည် နိုင်ငံတဝန်း အကြီးမားဆုံးလူထုဆန္ဒပြပွဲများကို နှစ်ပေါင်းအတန်ကြာအောင် ပေါ်ပေါက်စေခဲ့သူလည်း ဖြစ်သည်။ နိုင်ငံရေးသမား နေဗယ်နီသည် ဂျာမနီနိုင်ငံမှ ပြန်လာချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ကရင်မလင်နန်းတော်အပေါ် အပြစ်တင်ဝေဖန်ခဲ့ပြီးနောက် ဂျာမနီနိုင်ငံသို့ ၅ လကြာသွားရောက်၍ အာရုံကြောဆိုင်ရာအဆိပ်သင့်ဝေဒနာကို ကုစားနေရင်း သက်သာလာသဖြင့် ရုရှားသို့ ပြန်လာခဲ့သည်။ သို့သော် ၎င်း၏ဖြစ်စဉ်များအပေါ် မည်သို့မျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ရုရှားအာဏာပိုင်များက ငြင်းဆိုထားခဲ့သည်။

နေဗယ်နီသည် ၂၀၁၄ ခုနှစ်တွင် လိမ်လည်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရပြီး ဆိုင်းငံ့ပြစ်ဒဏ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲခံရပြီး ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

ထို့နောက် လပိုင်းအတွင်း နေဗယ်၏အစ်ကို အိုလက်နှင့် ၎င်း၏ထိပ်တန်းမဟာမိတ်အချို့တို့သည် ရာဇဝတ်မှု ဆိုင်ရာစွဲချက်များ အတင်ခံခဲ့ရပြီး ရုရှားအာဏာပိုင်များကို ၎င်းတို့အပေါ် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်းနှင့် ဒေသန္တရအစိုးရရုံးများ၏ ကွန်ရက်များကို သုံး၍ အစွန်းရောက်ဝါဒီများဟု သတ်မှတ်ကာ ၎င်းတို့၏လုပ်ငန်းဆောင်တာများကို ဆက်တိုက် အဟန့်အတားပြုလာခဲ့သည်။

မကြာသေးမီလများအတွင်း ရုရှားအာဏာပိုင်များသည် အမှီအခိုကင်းသောမီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့ များကိုလည်း ဖိအားပေးလာခဲ့သည်။ ထိုအဖွဲ့အစည်းများရှိ လူဆယ်ဂဏန်းမျှကို နိုင်ငံခြားအေးဂျင့်များအဖြစ် တံဆိပ်ကပ်ပြီး အစိုးရကို အကြည်ညိုပျက်စေမည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြင့် ရည်ညွှန်းသတ်မှတ်ခဲ့သည်။

Source: AP