ကိယက်ဗ်၊ ဇန်နဝါရီ ၂၆
ကိယက်ဗ်မြို့တော်တွင် တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ရုရှားသည် ယူကရိန်းကို “အခုအတောအတွင်း ဘယ်နေ့မှာမဆို ကျူးကျော်နိုင်တယ်” ဟု ယူကရိန်းဆိုင်ရာ အမေရိကန် ယာယီသံအမတ်က ထပ်လောင်းပြောကြားခဲ့ကြောင်း rt.com ၌ တွေ့ရသည်။
မလိုအပ်သည့်သံရုံးဝန်ထမ်းများနှင့် မှီခိုနေရသူများကို ယူကရိန်းမှ ဖယ်ရှားထွက်ခွာစေရေးအတွက် အမေရိကန် အနေဖြင့် သတိကြီးကြီးထားခဲ့ကြောင်း ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်ယာယီသံအမတ် ခရစ္စတီနာကဗီယန်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
၎င်းတို့၏ဝန်ထမ်းအချို့ကို ယူကရိန်းနိုင်ငံအတွင်းမှ ထွက်ခွာကြရန် အကြံပြုထားပြီး “အခုအချိန်မှာ ဗလာဒီမာ ပူတင်နဲ့ ရုရှားတို့က နယ်စပ်မှာ စစ်အင်အားချထားတာမို့ ဘယ်သူ့ကိုမဆို အရေးယူဆောင်ရွက်နိုင်တယ်” ဟု ခရစ္စတီနာကဗီယန်က ABC News သတင်းဌာနသို့ ပြောကြားခဲ့သည်။
“အဲဒါကို စိတ်ထဲကနေ သတိကြီးကြီးထားပြီး သံရုံးမိသားစုတွေ ဘေးကင်းအောင် သေသေချာချာ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါက ဆုံးဖြတ်ချက်တစ်ခုအပေါ် အခြေခံတာပါပဲ” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
အမေရိကန်သံရုံးဝန်ထမ်းအချို့ကို ဘေးလွတ်ရာသို့ ထိထိရောက်ရောက်ရွှေ့ပြောင်းပေးရန် အမေရိကန်ဘက်မှ ဆုံးဖြတ်ချက်ကို ကိယက်ဗ်မြို့တော်ရှိ ယူကရိန်းအာဏာပိုင်များက ဟန့်တားခြင်းမရှိခဲ့သော်လည်း ယင်းသို့ အရွှေ့အပြောင်းလုပ်ပေးခြင်းသည် အချိန်မတန်သေးကြောင်း ယူကရိန်းနိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ချခဲ့သည်။
တစ်ချိန်တည်းတွင် အမေရိကန်စစ်တပ်သည် ရုရှားကျူးကျော်ဝင်ရောက်လာမည်ဆိုသည့်သတိပေးချက်ကို နောက်ပြန်ဆုတ်နေပုံရကြောင်း ရုရှားသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော rt.com တွင် ရေးသားဖော်ပြထား သည်။ “မိမိတို့အနေဖြင့် ရုရှားလှုပ်ရှားမှုများကို အာရုံစိုက်နေချိန်တွင် မကြာမီစတင်တော့မည့် ကျူးကျော်မှုမျိုးကို ညွှန်ပြနိုင်သော်လည်း အဆိုပါနယ်စပ်တွင် ကျူးကျော်မည့်အလားအလာ လတ်တလော မတွေ့ရသေးကြောင်း” ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
Source: rt.com