CNI International News

ရီယာ့ဒ်၊ ဇန်နဝါရီ ၂၆

ဆော်ဒီအာရေဗျအစိုးရသည် ထိုင်းနှင့်သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူထောင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံ ကြား ကုန်သွယ်ရေးသံတမန်များ ထားရှိရန် သဘောတူခဲ့ကြောင်း၊ တုန်လှုပ်ခြောက်ခြားစရာ လက်ဝတ်ရတနာ ဓားပြတိုက်မှု ကြောင့် နှစ်နိုင်ငံကြား ဆယ်စုနှစ် ၃ ခုကြာ အယုံအကြည်မရှိခြင်းနှင့် ရန်လိုခြင်းတို့ကို ပြည်ဖုံးကားချခဲ့ပြီဖြစ်ကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ဆော်ဒီသို့ တရားဝင်ခရီးစဉ်အတွင်း အထက်ပါ အမိန့်ထွက်ပေါ်လာခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ်က နိုင်ငံရေးအရှုပ်တော်ပုံကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာလာခဲ့ပြီးနောက် ယခုအမြင့်ဆုံး ခေါင်းဆောင်များ တွေ့ဆုံမှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်သည့် သတ်ဖြတ်မှုများရှိခဲ့သော ခိုးယူမှုဖြစ်စဉ်အပေါ် ဆော်ဒီက ထိုင်းနှင့် ၎င်း၏သံတမန်ဆက်ဆံရေးကို အဆင့်နှိမ့်ချခဲ့ပြီး ထိုဖြစ်စဉ်ကို စိန်ပြာအရေးကိစ္စ (Blue Diamond) ဟု ထင်ရှားခဲ့သည်။

တိုင်းပြည်ကို လက်တွေ့အားဖြင့် ဦးဆောင်နေရသူ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်စလန်သည် ပရာယွတ်ကို တော်ဝင်နန်းတော်၌ လက်ခံတွေ့ဆုံခဲ့ပြီး အတိတ်က အပြန်အလှန် ထိုးနှက်ခဲ့မှုများကို မြှုပ်နှံလိုက်ကြရန်၊ နှစ်နိုင်ငံ စီးပွားရေး၊ လုံခြုံရေးနှင့် နိုင်ငံရေးဆက်ဆံမှုများ တိုးမြှင့်သွားကြရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း ဆွေးနွေးမှုများအပြီး ဇန်နဝါရီ ၂၅ ရက်နှောင်းပိုင်း၌ ဆော်ဒီနိုင်ငံပိုင်မီဒီယာ Saudi Press Agency (SPA) က ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ဖော်ပြထား သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်စလန်တို့ကိုတွေ့ရစဉ်။(AP)

စွမ်းအင်နှင့်ရေနံဓါတုကဏ္ဍများအပြင် ခရီးသွားလုပ်ငန်း၊ တည်းခိုနေထိုင်ရေး လုပ်ငန်းကဏ္ဍများကိုပါ ပူးတွဲရင်းနှီးမြှုပ်နှံမှုများ လုပ်နိုင်ရေး လေ့လာသွားကြမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းသည် ဆော်ဒီ၏ ၂၀၃၀ ပြည့်နှစ်မျှော်မှန်းချက် (Vision 2030) ၏ အစိတ်အပိုင်းဖြစ်ပြီး ရေနံနိုင်ငံအနေဖြင့် ရပ်တည်နေခြင်းကို ကျော်လွန်၍ ၎င်း၏စီးပွားရေး ပြုပြင်ပြောင်းလဲသွားရန် ရည်ရွယ်ထားသည်။  

တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေဗျ လေကြောင်းလိုင်းသည် ရီယာ့ဒ်မြို့တော်မှ ဘန်ကောက်မြို့တော်သို့ တိုက်ရိုက် လေကြောင်း ခရီးစဉ်ပြေးဆွဲမှုကို လာမည့်မေလ စတင်မည်ဖြစ်ပြီး ထိုင်းကို ယဉ်ကျေးမှုနယ်မြေအဖြစ် ၎င်းလေကြောင်းလိုင်း ၏ တွစ်တာပို့စ်တွင် ကြော်ငြာထားသည်။

အိမ်ရှေ့မင်းသား မိုဟာမက်သည် ယခင်အစိုးရလက်ထက်က ငြင်းဆိုခဲ့သော သံတမန်နယ်မြေအတွင်းသို့ စွန့်စားဝင်ရောက် လာခြင်းလည်းဖြစ်သည်ဟု အေပီက ဆက်လက်ရေးသားထားသည်။

၁၉၈၉ ခုနှစ်တွင် အဖိုးမဖြတ်နိုင်သော ၅၀ ကာရက်ရှိ အပြာရောင်စိန်တစ်လုံးကို ဆော်ဒီမင်းသား၏ နန်းတော်အတွင်းမှ ထိုင်းလူမျိုး အိမ်စောင့်တစ်ဦးက ခန့်မှန်းခြေ အမေရိကန်ဒေါ်လာသန်း ၂၀ ခန့်တန်ဖိုးရှိ အခြားကျောက်မျက်နှင့် လက်ဝတ် ရတနာများကို ခိုးဝှက်ယူသွားခဲ့ပြီးနောက် ထိုင်းနှင့်ဆော်ဒီတို့အကြား ဆက်ဆံရေး ပျက်ပြားသွားခဲ့သည်။

ယင်းနောက် မက္ကာသို့ နှစ်စဉ် ဟာ့ဂျ်ဘာသာရေးပွဲ ဆင်နွှဲရန် မျှော်လင့်နေသော ထောင်နှင့်ချီသည့် ထိုင်းအလုပ်သမားများ အတွက် ဗီဇာထုတ်ပေးခြင်းနှင့် သက်တမ်းတိုးပေးခြင်းတို့ကို ဆော်ဒီက ရပ်ဆိုင်းထားခဲ့ပြီး ၎င်းနိုင်ငံသားများ ထိုင်းသို့ ခရီးသွားခြင်းမပြုရန် သတိပေးခဲ့သည်။

 

Source: AP