၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အစုအဖွဲ့များအားလုံး မပါဝင်ဘဲ တည်ဆောက်၍ မရကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှု ညှိနှိုင်းရေး ကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၅ နှစ်အတွင်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး ဆွေးနွေး သဘောတူညီခဲ့ကြသည်ဟု ဆွေးနွေးပွဲ ပါဝင်ခဲ့သူ စိုင်းအိုက်ပေါင်းက CNI သို့ ဇန်နဝါရီ ၂၂ ရက်က ပြောထား သည်။

သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူတချို့ကတော့ သဘောတူညီမှု ရယူခဲ့ခြင်းမဟုတ်ဘဲ သဘောထားများ တင်ပြ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ထားခြင်းသာဖြစ်ကြောင်း ရှင်းပြသည်။

စိုင်းလိတ်က “ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၂၁ ကာလအထိ အရပ်သားတစ်ပိုင်းအစိုးရ အုပ်ချုပ်တဲ့ ဦးသိန်းစိန် လက်ထက်မှာပဲ ဖြစ် ဖြစ်၊ NLD အစိုးရအုပ်ချုပ်တဲ့ အချိန်မှာပဲဖြစ်ဖြစ် အစုအဖွဲ့စုံစုံညီညီနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ အစည်းအဝေးတွေ လုပ်ပြီး တော့မှ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စအတွက် ကြိုးပမ်းခဲ့ကြတာပေါ့နော်။ အဲလိုမျိုး အစုအဖွဲ့စုံညီ ဘက် ပေါင်းစုံ ဝိုင်းဝန်းကြိုးပမ်းတဲ့ အချိန်ကာလမှာ တောင်မှပဲ အစုအဖွဲ့တချို့ရဲ့ နိုင်ငံရေး စိတ်ဆန္ဒ မပြည့်ဝမှုကြောင့် ဖက်ဒရယ် ပြည်ထောင်စု လမ်းကြောင်းမှန်ပေါ်ကို မရောက်ခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဒီနေ့လို အခြေအနေမျိုးမှာ အစုအဖွဲ့မစုံညီပဲ နဲ့ နိုင်ငံရေးပါတီဆိုတာလည်းပဲ အနည်းအကျဉ်းလောက် ပါဝင်ရုံနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူးခင်ဗျ”ဟု CNI သို့ ပြောသည်။

လက်ရှိ သဘောတူညီမှုသည် နိုင်ငံရေးပါတီ၊ နစက၊ တပ်မတော်တို့အကြား သဘောတူညီမှုသာ ရှိသေးပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးရန် လိုအပ်သေးကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)မှ စိုင်းအိုက်ပေါင်းက CNI သို့ ပြောကြားထားသည်။

တပ်မတော်ဘက်မှ ဖက်ဒရယ်တည်ဆောက်ရေးအတွက် ကတိတစ်ခုပေးသည့်သဘော သက်ရောက်ပါက ကြိုဆိုကြောင်း၊ သို့သော်လည်း ဖက်ဒရယ်အတုအယောင်မဖြစ်ရေး စိစစ်ရန်လိုအပ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “စစ်ကောင်စီဘက်က ဖက်ဒရယ်တည်ဆောက်မယ်ဆိုတဲ့ ကတိတစ်ခု ထပ်ပေးတယ်ဆိုတဲ့ အပိုင်းက အရေးကြီးတယ်လေ။ လူ လေး ငါး ခြောက်ဖွဲ့ကိုပဲ ပေးပေး၊ နောက်ထပ် အာဆီယံကိုပဲ ကတိပေးပေး၊ သူတို့က ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ကတိပေးတယ်ဆိုတာက ကျ‌နော်တို့ ဖက်ဒရယ်သမားတွေအတွက်က ကောင်းတာပေါ့ဗျာ။ ဖက်ဒရယ်မလုပ်ဘူးဆိုရင် ကျ‌နော်တို့ ဘာမှ မတတ်နိုင်ဘူးလေ၊ ဒါကြောင့် ဘယ်လိုလုပ်မလဲဆိုတာ တစ်ခုပဲ၊ အားလုံးကြိုက်တဲ့ ပုံစံမဖြစ်ပဲနဲ့ ဖက်ဒရယ်အတုအယောင် ဖြစ်မှာလည်း စိုးရသေးတာကိုး၊ အဲတာတော့ ကျနော်တို့ စိစစ်ဖို့လိုတာပေါ့” ဟု ပြောသည်။

SNLD ပါတီမှ အထွေထွေအတွင်းရေးမှူးစိုင်းလိတ်ကိုတွေ့ရစဉ်။

တပ်မတော်မှ စိတ်စေတနာထားက ၅ နှစ်အတွင်းမှာ လုပ်ဆောင်ပါက လမ်းစတော့ ပေါ်နိုင်ကြောင်း၊ နီပေါနိုင်ငံတွင်လည်း ၃ နှစ်နှင့် ၅ နှစ်အတွင်း ဖက်ဒရယ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

၅ နှစ်အတွင်း ဖက်ဒရယ်တည်ဆောက်မည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ လက်ရှိ နိုင်ငံရေးတည်ငြိမ်ရန် အရင်ဖြေရှင်းသင့် ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) မှ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ကတော့ ရှင်းရှင်းပြောရလို့ရှိရင် ဒီကာလမှာတော့ မဖြစ်နိုင်တာကတော့ အကုန်လုံးမဖြစ်နိုင်ဘူးလို့ မြင် တယ်။ ဒါပေမယ့် ထွက်ပေါက်တစ်ခုကိုတော့ ဘယ်လိုရှာကြမလဲဆိုတဲ့ဟာကိုတော့ စဉ်းစားဖို့တော့ လိုနေပြီလို့ ကျ‌နော်တို့ ကတော့ အဲလို သုံးသပ်တယ်။ ကျနော်တို့ အခုချိန်မှာ ဖက်ဒရယ်ပြည်ထောင်စု ဟိုဟာတို့၊ ဒီဟာတို့လည်း သိပ်ပြီး စိတ်ဝင်စား မှုကတော့ ရာခိုင်နှုန်း တော်တော်လေး နည်းသွားပြီဗျာ။ ရှင်းရှင်းပြောရရင်လေ၊ ဒီလောက်ပြဿနာပေါင်း သောင်းခြောက် ထောင် တက်နေတဲ့ဟာကို နိုင်ငံ‌ရေးတည်ငြိမ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ပထမစဉ်းစားသင့်တယ်၊ နိုင်ငံရေးတည်ငြိမ်မှု ရှိပြီးမှ ကျနော်တို့ ပြည်ထောင်စုကို ဒီပုံသဏ္ဍာန် အတိုင်းသွားလို့ မရတော့ဘူး၊ အဲတော့ ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ သွားကြမလဲ၊ အခုတစ်ခါ အများစုပြောနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု အဲဒီလိုဟာတွေကို မူဘောင်တွေချပြီးတော့ စနစ်တကျလုပ်ဖို့ လို တယ်”ဟု ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)သည် ပျက်လုနီး အခြေအနေ ဖြစ်နေကြောင်း ထိုအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်‌ဆောက်ရေးမှာ အချိန်ယူရဦးမည်ဟု မြင်မိကြောင်း ဦးခိုင်ပြည်စိုးက ပြော သည်။

ဇန်နဝါရီလ ၂၀ ရက်က NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေးပါတီ ၉ ပါတီ တက် ရောက်ခဲ့ပြီး NCA လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မူဘောင်များ ပြင်ဆင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးပါတီ အစုအဖွဲ့သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအားလုံးက စုပေါင်း ရွေးချယ်ထားခြင်းမဟုတ်ဘဲ ပါတီ ၉၀ ကျော်အနက် ပါတီ ၄၀ ကျော်မှကိုယ်စားလှယ်များ နိုဝင်ဘာလ ပထမအပတ်က အစည်းအဝေးလုပ်၍ ရွေးချယ်စုဖွဲ့ထား ကြောင်း သိရသည်။