CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၂၄

ရုရှားကျူးကျော်ဝင်ရောက်မည်ကို စိုးရိမ်မှုတိုးနေချိန်၌ ယူကရိန်းနိုင်ငံရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းအားလုံးနှင့်မိသားစုများကို ၎င်းနိုင်ငံအတွင်းမှ ထွက်ခွာကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ထုတ်ခဲ့ကြောင်း အေပီ သတင်းအရ သိရသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ် တို့ ဇန်နဝါရီ ၂၁ ရက် ဆွေးနွေးမှုများ ရှိခဲ့ပြီး ယူကရိန်းနယ်စပ် ရုရှားစစ်ရေး ဖြန့်ကြက်မှုအပေါ် တင်းမာနေချိန်၌ ယခုကဲ့သို့ သံရုံးဝန်ထမ်းများ ယူကရိန်းမှ ထွက်ခွာစေသည့်ကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးကိုတော့ ဆက်လက် ဖွင့်လှစ်ထားမည်ဖြစ်ပြီး ယခုအမိန့်ကြေညာချက်အရ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေခြင်းမျိုး မဟုတ်ကြောင်း ၎င်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အလေးပေးပြောကြားခဲ့သည်။

အဆိုပါအမိန့်ကို အချိန်အတန်ကြာ စဉ်းစားခဲ့ပြီးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလော အပြောင်းအလဲကြောင့် ယူကရိန်းအပေါ် အမေရိကန်ပံ့ပိုးကူညီမှု လျော့သွားမည့်အရေးကို ထင်ဟပ်ခြင်းမရှိကြောင်း ၎င်းတာဝန်ရှိသူများက ဆက် လက် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ယူကရိန်းအပေါ် စစ်ရေးအရ အရေးယူရန် စီစဉ်နေသည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

သို့သော် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ဝင်(နေတိုး)နိုင်ငံများသည် ယူကရိန်းနိုင်ငံတဝိုက် တင်းမာမှုများ တိုးလာနေ ကြောင်း သတင်းအမှားများ ထုတ်လွှင့်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပြီး ဖြစ်သည်။

ရုရှားစစ်တပ်ကိုတွေ့ရစဉ်။(AP)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက “အထူးသဖြင့် ယူကရိန်း နယ်စပ်တလျှောက်၊ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားနဲ့ ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းတို့မှာ လုံခြုံရေး အခြေအနေတွေဟာ ခန့်မှန်းလို့ မရနိုင်သလို သတိမထားမိဘဲနဲ့ လည်း ဆိုးရွားသွားနိုင်ပါတယ်။ တစ်ချိန်က ပြင်းထန်ခဲ့ဖူးတဲ့ ဆန္ဒပြမှုမျိုးတွေဟာ ကိယက်ဗ်မြို့ အပါအဝင် ယူကရိန်းနိုင်ငံ တဝန်းမှာ အခုပုံမှန် တွေ့နေရပါတယ်” ဟု ထုတ်ပြန်ချက်ထဲတွင် ထပ်လောင်း ဖော်ပြထားသည်။

ထို့ပြင် Covid-19 နှင့် ရုရှားအပေါ် တင်းမာမှုများကြောင့် ယူကရိန်းသို့ ခရီးသွားလာခြင်း ရှောင်ရှားကြရန် အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ခရီးသွားလာရေးဆိုင်ရာ အကြံပြုချက်များမှာ ပိုမိုလေးနက်သည့် သတိပေးချက်အဖြစ်သို့ ဇန်နဝါရီ ၂၃ ရက်တွင် ပြောင်းလဲသွားခဲ့သည်။

“ရုရှားစစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ Covid-19 ရှိနေတဲ့အတွက် ယူကရိန်းကို ခရီးမသွားကြပါနဲ့။ ယူကရိန်းမှာ ရာဇဝတ်မှုတွေ နဲ့ မတည်မငြိမ်မှုတွေကြောင့် သတိထားစရာတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။ တချို့နေရာတွေမှာ အန္တရာယ်ပိုများပါ တယ်” ဟု ၎င်းဌာနက အကြုံပြုထားသည်။

ထို့ပြင် ရုရှားနိုင်ငံသို့လည်း ခရီးသွား အကြံပြုချက်ကို အမေရိကန်ဘက်မှ ပြောင်းလဲထားပြီဖြစ်ကြောင်း သိရသည်။

“ယူကရိန်းနယ်စပ်တလျှောက် တင်းမာမှုတွေ၊ အမေရိကန်နိုင်ငံသားတွေအပေါ် အနှောင့်အယှက် ပေးနိုင်တဲ့ အလားအလာ၊ ရုရှားရောက် အမေရိကန်နိုင်ငံသားတွေကို အကူအညီပေးနိုင်ဖို့ မိမိတို့သံရုံး၏ အကန့်အသတ်ဖြင့် ရှိနေသော စွမ်းဆောင် နိုင် ရည်၊ Covid-19 ဆက်စပ် ဝင်ရောက်နိုင်မှု၊ ကန့်သတ် ချုပ်ချယ်မှုတွေ၊ အကြမ်းဖက်ဝါဒ၊ ရုရှားအစိုးရလုံခြုံရေး အရာရှိများ၏ နှောင့်ယှက်မှုနဲ့ ဒေသန္တရဥပဒေတွေသုံးပြီး နိုင့်ထက်စီးနင်းလုပ်နိုင်တာကြောင့် ရုရှားနိုင်ငံဘက် ခရီးမသွားကြပါနဲ့” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

Source: AP