CNI International News

အိုဂါဒူးကူး၊ ဇန်နဝါရီ ၂၄

ဘာကီနာဖာဆိုနိုင်ငံ၏ မြို့တော် အိုဂါဒူးကူးရှိ စစ်အခြေစိုက်စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် နာရီပိုင်းအကြာ သမ္မတ ကာဘိုး၏နေအိမ် တည်ရှိသည့်ဧရိယာတဝိုက် ဇန်နဝါရီ ၂၃ ရက်နှောင်းပိုင်း၌ သေနတ်ဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း မြို့တော်ရှိ ဒေသခံများက ပြောကြားကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

လတ်တလော အနေအထားတွင် အိုဂါဒူးကူးမြို့ရှိ စစ်တန်းလျားနှစ်ခု အပါအဝင် စစ်တန်းလျား အများအပြား၌ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည်။ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများအပေါ် တားဆီးရန် အစိုးရ၏ပျက်ကွက်မှုအား စိတ် ပျက် နေကြချိန် စစ်တပ်အနေဖြင့် တိုင်းပြည်ကို သိမ်းပိုက်ထားခြင်းမျိုး မဟုတ်ကြောင်း ဘာကီနာဖာဆိုအစိုးရက အစောပိုင်း တွင် ပြောကြားထားသည်။

သေနတ်သံများကို ကြားလိုက်ရပြီး ကောင်းကင်ယံတွင် ရဟတ်ယာဉ်များ ပျံဝဲနေကြကြောင်း သမ္မတကာဘိုး၏ နေအိမ် အနီး တဝိုက်ရှိ ဒေသခံ အများအပြားက အေပီနှင့် အေအက်ဖ်ပီ သတင်းဌာနများသို့ ပြောကြားခဲ့ကြသည်။

စစ်သားတစ်ဦးက သမ္မတအိမ်အနီး တိုက်ပွဲများ ပြင်းထန်နေကြောင်း အေပီသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ပြော ကြားခဲ့သော်လည်း ၎င်း၏အဆိုကို ချက်ချင်း အတည်မပြုနိုင်သေးပေ။

၂၀၁၅ ခုနှစ်က မအောင်မြင်သော အာဏာသိမ်းမှုကို လုပ်ဆောင်ရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် စစ်သားများနှင့် အကျဉ်းသား များထားရှိရာ စစ်မှုထမ်းများနှင့် အကျဉ်းထောင်တစ်ခုတို့ တည်ရှိသော ဆန်ဂူလီလာမီဇနာစခန်းတွင် ဇန်နဝါရီ ၂၃ ရက် နံနက် ၅ နာရီမှစတင်၍ မငြိမ်မသက် ဖြစ်နေခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ သတင်းထောက်တစ်ဦးက ပြောသည်။

နောက်ပိုင်းတွင် ထိုစခန်းအတွင်းရှိ စစ်သားများက လေထဲသို့ သေနတ် ပစ်ဖောက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်း သတင်း ထောက်က ဆက်ပြောသည်။

ဘာကီနာဖာဆိုသမ္မတကာဘိုးကိုတွေ့ရစဉ်။(Reuters)

အိုဂါဒူးကူးမြို့မြောက်ဘက် ၁၀၀ ကီလိုမီတာ (၆၂ မိုင်) အကွာ ကာယာ (Kaya) ဒေသရှိ စစ်စခန်းတစ်ခုတွင် သေနတ်ပစ်ခတ် မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ ၎င်းမြို့၏ တောင်ဘက်ရှိ အခြားစစ်စခန်း တစ်ခုဖြစ်သည့် ဘေဘီစီ (Baby Sy) နှင့် လေဆိပ်အနီး လေတပ်စခန်းတို့တွင်လည်း သေနတ်သံများ ကြားခဲ့ရကြောင်း စစ်ဘက်သတင်း ရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၂၃ ရက် နိုင်ငံပိုင်ရုပ်သံလိုင်းမှ ထုတ်လွှင့်မှုတွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဘက်သလီမီဆမ်ပိုးက သမ္မတ ကာဘိုးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကောလာဟလများကို ငြင်းဆိုခဲ့ပြီး ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ နောက်ကွယ်မှ အကြောင်းရင်းကို ၎င်းအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံ့အကြီးအကဲကို ဖမ်းဆီးတာ မရှိပါဘူး။ ဘယ်အဖွဲ့အစည်းကမှ တိုင်းပြည်ကို မခြိမ်းခြောက်ပါဘူး” ဟု ဆမ်ပိုးက ရုပ်သံလိုင်းမှ ပြောကြားခဲ့သည်။

“လောလောဆယ်မှာတော့ သူတို့ရဲ့ရည်ရွယ်ချက် (ဒါမှမဟုတ်) သူတို့တောင်းဆိုချက်တွေကို ကျနော်တို့ မသိသေးဘူး။ သူတို့နဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီ (ဂရင်းနစ်စံတော်ချိန် ည ၁၀ နာရီ) တွင် ညဘက်လမ်းမထွက်ရ အမိန့်ကို နောက်ထပ် သတိပေးချက်အား အာဏာပိုင်များက ကြေညာခဲ့သည်။ ထို့ပြင် ဇန်နဝါရီ ၂၄ ရက် (ယနေ့) နှင့် ဇန်နဝါရီ ၂၅ ရက်တို့တွင် ကျောင်းများ ပိတ်ထားလိမ့်မည်ဖြစ်ကြောင်း ဘာကီနာဖာဆိုအစိုးရ၏ ပညာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန် ခဲ့သည်။

Source: Aljazeera