CNI International News

ခါတွမ်း၊ ဇန်နဝါရီ ၂၂

ဆူဒန်နိုင်ငံတွင် ယမန်နှစ် အောက်တိုဘာလ၌ ဆူဒန်တပ်မတော်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြသူများအပေါ် သွေးထွက်သံယို ဖြိုခွင်းမှုများအတွင်း သေဆုံးခဲ့သူအချို့၏ နေအိမ်အပြင်ဘက်တွင် လူစုလူဝေးပြုလုပ်၍ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ကြကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဇန်နဝါရီ ၂၁ ရက်၌ ခါတွမ်းမြို့တော်နှင့် အမြွှာဖြစ်သော အွမ်ဒါမန်မြို့တွင် လူဆယ်ဂဏန်းမျှ စုဝေးခဲ့ကြပြီး တောင်ဆူဒန်ဘက် မှ ၃၇ နှစ်အရွယ် လျှပ်စစ်ပညာရှင် ဂျွန်ကော (John Kual)၏ နေအိမ်ဆီသို့ ဦးတည်ချီတက်ကာ “ပြည်သူ့အာဏာ ပြည်သူ့ပြန် ပေး”ဟု ကြွေးကြော်ခဲ့ ကြသည်။

ဂျွန်ကောသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်ချက်ကြောင့် လူအသေအပျောက်များခဲ့သော အကြမ်းဖက် နှိမ်နင်းမှုများကို ဆက်တိုက်ဆိုသလို ဆန့်ကျင်ဆန္ဒပြရင်း ဇန်နဝါရီ ၁၉ ရက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ရင်အုံ၌ ဒဏ်ရာရခဲ့သည်။ ထိုဒဏ် ရာရရှိချိန်အထိ ဆန္ဒပြပွဲများ ရှိရာသို့ ပုံမှန် မပျက်မကွက် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြောင်း ၎င်း၏ အပေါင်းအသင်းများက ပြောကြားခဲ့သည်။

သောကြာနေ့ အပတ်စဉ် မွတ်ဆလင် ဝတ်ပြုဆုတောင်းပွဲများအပြီး စီတန်းလှည့်လည်ခဲ့သူများထဲတွင် ပါဝင်ခဲ့သည့် အသက် ၆၀ အရွယ်ရှိ အယ်လ်တဟာမီခါလီဖာက “တရားမျှတမှုမရှိသည့် ရာဇဝတ်မှုစနစ်” အဆုံးသတ်ဖို့ တောင်းဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီးအယ်ဘာဟန်နဲ့ ဖြုတ်ချခံဝန်ကြီးချုပ်အမ်ဒေါ့ကိုတွေ့ရစဉ်။(AFP)

အဆိုပါ ချီတက်ပွဲများသည် မြို့တော်အနှံ့အပြားရှိ အခြားကျန်ရစ်သူ မိသားစုများ၏ နေအိမ်များဆီသို့လည်း ကူးစက်သွားခဲ့ ကြောင်း ဆူဒန်အရေး တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့ကြသည်။

စစ်ဗိုလ်ချုပ်ကြီး အယ်ဘာဟန်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က အရပ်သားအစိုးရကို ဖြုတ်ချလိုက်ခြင်းကြောင့် ဆူဒန်နိုင်ငံ၏ နုနယ်သေးလှသည့် အရပ်သားအုပ်ချုပ်ရေးကို လမ်းကြောင်းလွဲသွားစေခဲ့သည်။ ထို့နောက် ဆန္ဒပြသူများ စည်းလုံးညီညွတ်စွာ အတူရှိနေကြကြောင်း ပြသသည့်နေ့အဖြစ် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။

ဆူဒန်တွင် ဖြစ်ပေါ်နေဆဲ ပုံမှန်ဆန္ဒပြပွဲများတွင် တစ်ခါတစ်ရံ ထောင်နှင့်ချီသော အလုပ်သမားသမဂ္ဂများ၊ နိုင်ငံရေးပါတီများ နှင့် လူမှုအဖွဲ့များက ပါဝင်လေ့ရှိကြပြီး ဇန်နဝါရီ ၂၄ ရက်တွင်လည်း အလားတူဆန္ဒပြပွဲအသစ်များ ကျင်းပရန် တောင်းဆိုခဲ့ကြ သည်။

ဆူဒန်နိုင်ငံသားများကိုတွေ့ရစဉ်။(AFP)

ထိုဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ရာ အနည်းဆုံး လူ ၇၃ ဦး သေဆုံးကြောင်း လွတ်လပ်သော ဆေးဘက် ဆိုင်ရာ အဖွဲ့တစ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ယခုသီတင်းပတ်အတွင်း ဗိုလ်ချုပ်ကြီးအယ်ဘာဟန်သည် ဖြုတ်ချခံခဲ့ရသော အရပ်သားအစိုးရအဖွဲ့တွင် ပါဝင်ခဲ့ဖူးသည့် ဝန်ကြီးအချို့ကို ၎င်း၏ လတ်တလော တာဝန်ခံ အုပ်ချုပ်သည့် အစိုးရအဖွဲ့သစ်ထဲမှာ ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

 

Source: Aljazeera