CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်း စီမံကိန်းတွင် အလွန်အရေးပါသည့် ကလေးဝ-ယာကြီး-မုံရွာလမ်းကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်၍ ပြန်လည်ထိန်းချုပ်လာနေကြောင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ပေါက်လာသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက လက်နက်ကိုင် ပဋိပက္ခကြားတွင် ကလေးဝ-ယာကြီး-မုံရွာလမ်း အပါအဝင် တမူး-ကလေး-ခမ်းပတ် ကုန်သွယ်ရေးလမ်းတို့ကို KIA-PDF များ ပူးပေါင်း၍ ထိန်းချုပ်ထားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က ဇွန်လ ၂ ရက်မှ စတင်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးဝ-ယာကြီး-မုံရွာ ကုန်သွယ်ရေးလမ်းကြောင်းနှင့် တမူး-ကလေး-ခမ်းပတ် ကုန်သွယ်ရေးလမ်းတို့ကို အဓိကထား ထိုးစစ်ဆင် တိုက် ခိုက်လာခဲ့သည်။
အဆိုပါ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကလေးဝ- ယာကြီး- မုံရွာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရေလယ် ကျွန်း ကျေးရွာအား ဇွန်လ ၂ ရက်တွင်လည်းကောင်း၊ ဇွန်လ ၃ ရက်တွင် ကျောက်လုံးကြီး တဲစုကျေးရွာအား လည်းကောင်း၊ ဇွန်လ ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့အား လည်းကောင်း၊ ဇွန်လ ၇ ရက်တွင် သစ်ရာပင်လမ်းဆုံအားလည်းကောင်း၊ ဇွန်လ ၈ ရက်တွင် သစ်ရာပင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၉ ရက်တွင် ဝင်းကုန်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၁ ရက်တွင် ညောင်ပင်လယ်ကျေးရွာအား လည်း ကောင်း၊ ဇွန်လ ၁၃ ရက်တွင် ယာကြီးကျေးရွာအားလည်းကောင်း ပြန်လည် ထိန်းချုပ်ခဲ့သည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီကို တွေ့ရစဉ်
ထို့အပြင် ဇွန်လ ၁၅ ရက်တွင် ကွမ်းပင်ရေနှင့် ဇွန်လ ၁၈ ရက်တွင် လာပို့ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၁ ရက်တွင် စစ်လင်းချောင်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၂ ရက်တွင် ထုံးကြီးကျေးရွာအားလည်းကောင်း မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည်။
ထိုကုန်သွယ်ရေးလမ်း(ကလေးဝ-ယာကြီး-မုံရွာ) တစ်လျှောက်ရှိ PDF စခန်းများ အပါအဝင် လက်နက်ခဲယမ်း များကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့နောက် PDF များ လမ်းကြောင်းပေါ်ကနေ ဆုတ်ခွာသွားကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
ကလေးဝ-ယာကြီး-မုံရွာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် PDF များသည် ကုန်တင်ကားများနှင့် ခရီးသွား မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံခြင်း၊ ပစ္စည်းများ သိမ်းဆည်းခြင်း၊ သစ်များ ခိုးထုတ်ခြင်း၊ သယံဇာတ များ တရားမဝင် ထုတ်ခြင်း၊ တရားမဝင် ကုန်စည်များ သယ်ယူဖြန့်ဖြူးရောင်းချခြင်း၊ လူသစ်စုဆောင်းခြင်း တို့ကို လည်း လုပ်ဆောင်ကြကြောင်း လမ်းကြောင်းပေါ်မှာ ဖြတ်သန်းသွားလာသူများနှင့် ဒေသခံများက ပြောသည်။
ကလေးဝ-ယာကြီး-မုံရွာ ကုန်သွယ်ရေးလမ်းကြောင်းသည် အိန္ဒိယ-ထိုင်း-မြန်မာ ကုန်သွယ်ရေးအတွက် အမေရိကန် ဒေါ်လာ ၄ ဘီလီယံ တန်းဖိုရှိ စီမံကိန်းတစ်ခုကို ဖော်ဆောင်ရန် ရည်မှန်းထားသည့် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး မစ္စတာအဂျစ်ဒိုဗစ်၊ အိန္ဒိယပြည်ပ ရေးရာဝန်ကြီး မစ္စတာဂျိုင်ရှာကာတို့အား သီးသန့်စီ တွေ့ဆုံ၍ ကုန်သွယ်ရေးကိစ္စ၊ နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးနှင့်လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက် တမူး-ကလေး-ခမ်းပတ် ကုန်သွယ်ရေးလမ်းကြောင်း အပြင် အိန္ဒိယ-ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော ကလေးဝ-ယာကြီး-မုံရွာ ကုန်သွယ်ရေးလမ်း ပြန်လည်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
