၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်၏ နယ်မြေသုံးပုံနှစ်ပုံခန့်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)မှ ထိန်းချုပ်ထားနိုင်သည့် အနေအထားတွင်ရှိနေကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ရခိုင်ပြည်ထဲမှာတော့ တစ်နေရာနဲ့ တစ်နေရာ၊ တစ်မြို့နယ်နဲ့ တစ်မြို့နယ် မတူဘူးပေါ့နော်။ ULA/AA ဘက်က အခိုင် အမာ လုံခြုံရေးကို စစ်ရေးနဲ့ ထိန်းထားတာ အဲလိုနေရာမျိုးမှာ‌ကြတော့ ဒီဖက်က ပြည်သူတွေရဲ့ တရားစီရင်ရေးတို့၊ အုပ်ချုပ် ရေးတို့၊ အခွန်ကောက်ခံရေးတို့ အဲတာတွေကြတော့ သူတို့ လုပ်နိုင်ကြတယ်ပေါ့။ တချို့နေရာကြတော့လည်း မြို့ပေါ် အသိုင်း အဝိုင်းရယ်။ ဒီဖက်က မြန်မာ့တပ်မတော်ဘက်က အင်နဲ့အားနဲ့ ချထားတဲ့ နပခလို နေရာမျိုးပေါ့။ သူတို့ကြီးစိုးထားတဲ့ တောင် ဘက်ခြမ်း တချို့ မြို့နယ်တွေပေါ့။ အဲမှာကြတော့လည်း ဒီဖက်က ULA/AA ဖက်ရဲ့ သူတို့ အာဏာသက်ရောက်မှုကတော့ နည်းပါတယ်။ ဆိုတော့ ရခိုင်ပြည်နယ်မှာ သုံးပုံ နှစ်ပုံလောက်ကတော့ ULA/AA ရဲ့ အောက်မှာ ထိန်းချုပ်ထားနိုင်တဲ့ အ‌နေ အထားမျိုး ရှိတာပေါ့”ဟု CNI သို့ ပြောသည်။

တပ်မတော်နှင့် AA ကြား ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်ထားခဲ့ကြပြီးနောက် AA သည် ၎င်းထိန်းချုပ်ထား သည့် ဒေသများ၌ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများ လုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ ဒါရိုက်တာ ဦးသိန်းထွန်းဦးက “သူတို့ ဘာလိုချင်တာလဲပေါ့နော်။ သွားချင်တဲ့ပုံစံက အခုလုပ်တဲ့ ပုံစံက ကွန်ဖက်ဒရိတ်ပေါ့။ AA က ခေါင်းဆောင် ထွန်းမြတ်နိုင်လည်း အရင်ကပြောဖူးတယ်။ ကွန်ဖက်ဒရိတ် ပုံစံ ဆိုတာ။ ရှေ့အလားအလာတော့ သိပ်မကောင်းဘူးလို့ ကျနော်တို့ သုံးသပ်တယ်။ အဆင်တော့ မပြေလှဘူးပေါ့နော်။ ဘာ ကြောင့်လဲဆိုတော့ ခက်တာက သူတို့က တစ်သီးတစ်ခြားပေါ့နော်။ တစ်ထီးတစ်နန်း ပြည်တည်ထောင်ချင်တဲ့ ပုံစံမျိုး၊ နယ် ပယ် သီးသီးခြားခြား လိုချင်တဲ့ ပုံစံမျိုး၊ ခွဲထွက်ချင်တဲ့ ပုံစံမျိုးဦးတည်စေတယ်။ အဲအပြုအမှုမျိုးကတော့ ရေရှည်မှာတော့ ဒါ ဟာ သိပ်အဆင်ပြေမှာ မဟုတ်ဘူး၊ တစ်ခါတစ်ရံမှာတော့ ကျနော်တို့ နားလည်ပါတယ်”ဟု CNI သို့ ပြောသည်။

AA တပ်ဖွဲ့ကိုတွေ့ရစဉ်။

AA ၏ ရက္ခိတလမ်းစဉ်ကနေ ခွဲထွက်ရေး ပုံစံမျိုး လှုပ်ရှားမှုသည် သိပ်အဆင်မပြေနိုင်ကြောင်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “သူတို့ဟိုပေါ့၊ ရက္ခိတလမ်းစဉ်ပဲ ပြောပြော၊ ဘာပဲပြောပြော၊ ခက်တာက လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုပြီးဖြစ်ထားတဲ့ အဝန်းအဝိုင်းလေးကနေ ဒီအချိန်မှာ ခွဲထွက်ဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ လှုပ်ရှားတဲ့ဟာ မျိုးက သိပ်တော့ အဆင်ပြေမှာ မဟုတ်ဘူး” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် အစိုးရအုပ်ချုပ်ရေးအဖွဲ့များသို့ ဝင်ရောက်ကာ အုပ်ချုပ်မှုများ လုပ်ဆောင်သင့် ကြောင်း၊ လွတ်လပ်ရေး ကြိုးစားမှုဖြစ်စဉ်တွင် ပါဝင်ကြသည့်အလျောက် ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းပြည်အတွက် မှန်မှန် ကန်ကန် လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် AA ထိန်းချုပ်ထားသည့် ဒေသများတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးယန္တရားများ လုပ်ဆောင်နေပြီး လူထု ကလည်း မှုခင်းပြဿနာများကို AA ထံ တိုင်တန်းမှုများရှိကြောင်း လွှတ်တော်အမတ်ဟောင်း ဉီးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက ကျောင်းတစ်ခုမှာ ရခိုင်အလံကို လွှင့်ထူထားသည်ကိုတွေ့ရစဉ်။

ဉီးဖေသန်းက “ULA/AA ရဲ့ အုပ်ချုပ်ရေး ယန္တရားကတော့ မြို့ပေါ်အထိ လက်တန်မီတယ်ပေါ့။ ဒါပေမယ့် အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားကတော့ မြို့ပေါ်မှာတောင် ဥပမာ အမှုကြီးတွေ ဖြစ်တယ်ပေါ့ဗျာ။ လူသတ်မှုမျိုး၊ ဓါးပြမှုမျိုးဖြစ်တာတောင် သူတို့ဖက် က သူတို့ဖက်မှာ တိုင်တာတောတာ မရှိတော့ဘူး။ ULA/AA ဖက်ကို လာတိုင်တာရှိတာပေါ့။ အဲဖက်မှာ တရားရုံးတွေမှာ သွား တိုင် လိုက်မယ်ဆိုရင်လည်း တရားရုံးတွေက အုပ်ချုပ်ရေးယန္တရား ပျက်နေတော့လေ တမန်ဆင့်ခေါ်လို့ မရဘူးပေါ့။ တရားခံပဲ ဖြစ်ဖြစ်၊ တရားလိုပဲဖြစ်ဖြစ်၊ သက်သေပဲဖြစ်ဖြစ် တရားရုံးကိုလာရောက်ဖို့ ဆင့်ခေါ်ပေမယ့် မရောက်တော့ဘူးပေါ့နော်။ ULA/ AA ဖက်ကကြတော့ မြို့ပေါ်အထိ တက်ပြီးတော့ ဖမ်းနိုင်တယ်၊ ဆီးနိုင်တယ်၊ အရေးယူနိုင်တဲ့ အနေအထားမျိုးရှိတော့ ULA/ AA ရဲ့ တရားစီရင်ရေးကိုပဲ ပြည်သူတွေက ပိုပြီးအားကိုးလာကြတာပေါ့” ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ULA/AA နှင့် မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။

ထို့နောက် တပ်မတော်မှ ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ် ၁၁ ရက်က ထုတ်ပြန် ခဲ့ပြီး အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။

ULA/AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မိမိတို့အနေဖြင့် ရှမ်းပြည်နယ်အတွင်းက UWSA ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်အတန်းမျိုး လိုချင်ကြောင်း ထုတ်ဖော်ပြောကြားထားဖူးသည်။