၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ ဖလူးဒေသတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကာ ဒေသခံ ၃၀၀ ကျော်သည် ထိုင်းဘက်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်လာကြောင်း တိုက်ပွဲရှောင်များအား ကူညီပေးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၆)နယ်မြေ ဖလူးလေးကျေးရွာဘက်တွင် ဇန်နဝါရီ ၁၃ ရက်နေ့က တပ်မတော်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားကာ ပြင်းထန်ကြောင်း KIC (ကရင်သတင်းဌာန)မှ သိရသည်။

တိုက်ပွဲအခြေအနေသည် မည်သည့်အချိန်တွင်ပြီးစီးမည်ကို မသိနိုင်သဖြင့် တိုက်ပွဲရှောင်များအနေဖြင့် မိမိတို့ လက်ရှိခိုလှုံနေသည့် တိုက်ပွဲရှောင်စခန်းများတွင်သာ နေထိုင်ကြရန် မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာန သို့ ပြောသည်။

“ဟိုဘက်ကိုသွားလိုက် ဒီဘက်ကို ပြန်လာလိုက်လူတွေကျတော့လည်း တချို့ကျတော့ သူတို့အနေနဲ့က လုံခြုံမှု မရှိဘူးဆိုတာကို သိတယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့အသက်အန္တရာယ်ကို ကိုယ်ကိုယ်တိုင် ကာကွယ်ရမှာပဲလေ။ ဒီ တိုက်ပွဲငြိမ်သွားတဲ့အချိန်မှာ ကိုယ့်အိမ်ကိုပြန်တယ်။ တိုက်ပွဲဖြစ်ရင် ပြန်ပြေးလာနေတယ်ဆိုတော့ တစ်ဖက်က ယာယီစခန်းတွေဘက်က ကြည့်လို့ရှိရင်လည်း ကိုဗစ်ကာလဖြစ်တဲ့အတွက် သွားလိုက် လာလိုက်ဆိုရင် ဒီဘက်က အကူအညီပေးတဲ့သူတွေအတွက်လည်း အနှောင့်အယှက်ဖြစ်စေတယ်ပေါ့နော်။ ပြီးတော့ ဒီ စစ်ရှောင်ပြည်သူတွေ ဟိုဘက်ကို သွားလိုက် ဒီဘက်ကို ပြန်လာလိုက် လုပ်တဲ့သူတွေအတွက်လည်း လူပင်ပန်း စိတ်ပင်ပန်း ဖြစ်စေတယ် ပေါ့” ဟု သူက ဆိုသည်။

ထိုင်းသို့ရောက်ရှိနေသည့် တိုက်ပွဲရှောင် တစ်သောင်းကျော်မှာ နေရပ်ပြန်သွားသူဦးရေ ၈၀၀၀ ကျော်ခန့်ရှိပြီး လက်ရှိတွင် လေးကေ့ကော်ဒေသခံများနှင့် ဖလူးဒေသခံများအပါအဝင် စုစုပေါင်း ၁၇၀၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။

လက်ရှိတွင် ထိုတိုက်ပွဲရှောင်များမှာ သောက်သုံးရေအခက်အခဲရှိနေကာ ဝမ်းပျက်ဝမ်းလျှောများ ဖြစ်နေကြ ကြောင်း သိရသည်။

ကိုသားကြီးက “ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ရေသန့်ဘူးမရဘူးလားဆိုတော့ ရတယ်။ ရေသန့်ဘူးတွေ လည်း ကားကြီး ကားငယ်နဲ့ ထိုင်းဘက်ကလည်း သွားပို့တာပဲ။ တခါတရံမှာ လူကအင်အားများတော့ ဒီ စခန်းကို အချိန်နဲ့ပေါ့။ အချိန်နဲ့ရေတွေပေးတာတွေ ထမင်းတွေပေးတာတွေရှိတော့ တချို့တွေလည်း မလောက်မငှ အလွယ် တကူသုံးလိုက်တာလည်းရှိမှာပေါ့။ အမှန်တကယ်တော့ ချောင်းရေ မသောက်သင့်ဘူးပေါ့။ လူအများတည်းနေတဲ့ ပတ်ဝန်းကျင်ထဲမှာဖြစ်တဲ့အတွက်။ အဲဒါကို သောက်မိတယ်ထင်ပါတယ်။ တချို့ကလည်း သောက်ရေဘူးတွေ လိုအပ်တယ်ပေါ့။ မရှိတော့လည်း ရှိတဲ့ရေသောက်လိုက်တဲ့ပုံစံမျိုးတွေပေါ့” ဟု ပြောသည်။

လေးကေ့ကော်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ ၆ ရွာတွင် ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူနေအိမ်များ၊ သာသနိက အဆောက်အအုံများ၊ ဂျပန်နိုင်ငံနိပွန် ဖောင်ဒေးရှင်းမှ လှူဒါန်းပံ့ပိုးထား သည့် အဆောက်အအုံ၊ အသုံးအဆောင် အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း KIC(ကရင်သတင်းဌာန)တွင် ဖော်ပြထားသည်။