၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစီအစဉ်မရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၄ ရက်) နေပြည်တော်တွင် နစကမှ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီရဲ့မဲမသမာမှုများအပေါ် တပ်မတော်နဲ့ နိုင်ငံရေးပါတီ များမှ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့သော်လည်း လက်ခံခြင်း မရှိတဲ့အတွက် တပ်မတော် က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အရ နိုင်ငံတော်မှာ နိုင်ငံရေးအရ အရေးပေါ် ကြေညာပြီး နိုင်ငံတော် တာဝန်ထိန်းသိမ်းခဲ့ပါ တယ်။ ဒီအခြေအနေပေါ် NLD ပါတီဝင် အစွန်းရောက်တွေ၊ တရားမဝင် ဖွဲ့စည်းထားတဲ့ CRPH ၊ NUG ကဲ့သို့ အဖွဲ့အစည်းများ တွေရဲ့ သွေးထိုးလှုံ့ဆော်ကြောင့် ပေါ်ပေါက်လာတဲ့ PDF အဖွဲ့များနဲ့တော့ တွေ့ဆုံဆွေးနွေးရန်အကြောင်းမရှိပါဘူး”ဟု ပြော သည်။

ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ် စတင်မည်ဖြစ်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေး ဆွေး နွေးရန် ဖိတ်ခေါ်၍ လမ်းဖွင့်ထားကြောင်း၊ နစက အနေနှင့် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ၊ NCA လက်မှတ်ရေး ထိုးထားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့များကို အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အကြမ်းဖက်အဖွဲ့တွေကို တချို့ EAO တွေက သင်တန်းပေး၊ လက်နက်ထောက်ပံ့နေတာတွေ လုပ်ဆောင်နေ မယ်ဆိုရင် NCA ဆိုတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းက သွေဖယ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေ လိုလားတဲ့ ထာဝရငြိမ်းချမ်းရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်သာ ဖြစ်မယ်ဆိုတာ သတိပြုဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်”ဟု ပြောသည်။

ကယားပြည်နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့(KNDF)ကိုတွေ့ရစဉ်။

ပြီးခဲ့သည့် လအတွင်းက နစက အနေနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး၊ နယ်စပ်လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးထက်  နိုင်ငံရေးအကျပ်အတည်း ကို ဦးစားပေး ဖြေရှင်းရန်လိုအပ်ကြောင်း NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်(၁၀)ဖွဲ့ ဖွဲ့စည်းထားသော  ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ပြောသည်။

ရဲဘော်မျိုးဝင်းက “ကျနော်တို့ PPST ယနေ့ကာလ ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဦးစားပေးဖြေရှင်းဖို့ ကျနော်တို့ တင်ပြထားတယ်ပေါ့။ အဓိကတော့ ပြောနေတဲ့ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ဆိုတာထက်ကို ဒီနှစ်ကာလ ၂၀၂၀ ရွေးကောက်ပွဲပေါ် အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဦးစားပေး ဖြေရှင်း ရမယ့် ကိစ္စလို့ ကျနော်တို့ PPST က မြင်ထားတာပေါ့။ ဖြေရှင်းတဲ့အခါမှာလည်း သက်ဆိုင်သူအားလုံး ဖြေရှင်းရမယ်ဆိုတာ လည်း ကျနော်တို့ တင်ပြထားပြီး ဖြစ်တာပေါ့။ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ဆွေးနွေး အဖြေရှာမှုကပဲ ယနေ့ကာလ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ PPST ရဲ့ သဘောထားကို လုပ်ငန်းစဉ်ထဲမှာ ဖော်ပြထားပြီးဖြစ်ပါ တယ်”ဟု CNI သို့ ပြောသည်။

ထို့နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် နစက-က ဖော်ဆောင်လာမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပုံစံသစ်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ၎င်းက ပြောသည်။

ရဲဘော်မျိုးဝင်း “အဲဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပုံစံသစ်ဆိုတာဘာလဲ ကျနော်တို့ ရှင်းရှင်းလင်းလင်း မသိသေးဘူး။ ပုံစံအသစ် ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဘာလုပ်ငန်းစဉ်တွေလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိဘူး။ အဲဒါလည်း ရှင်းရှင်းလင်းလင်း သိ အောင် မေးမြန်းရအုံးမှာပေါ့။ အဓိက အရေးကြီးတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်တာထက် ဒီတိုင်းပြည် မှာရှိနေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဘယ်လို အဖြေရှာမလဲ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင် ဘယ်လိုလုပ် မလဲ အဓိက ဦးတည်ပြီး ကြိုးပမ်းရမယ်လို့ မြင်တယ်ပေါ့”ဟု CNI သို့ ပြောသည်။

လက်ရှိတွင် PDF နှင့် တပ်မတော်အကြား စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကလည်း PDF ဘက်မှ ပူးပေါင်းပါဝင်မှုများ ရှိနေသည်။