ဘာလင်၊ ဇန်နဝါရီ ၁၄

ဆီးရီးယားလုံခြုံရေးအရာရှိဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးကြီးဟောင်းတစ်ဦးသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အပြစ်ရှိကြောင်း ဂျာမန်တရားရုံးတစ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းအနေဖြင့် ဒမတ် စကက်မြို့အကျဉ်းထောင်တွင် နှိပ်စက်ညှင်းပန်းမှုနှင့်သတ်ဖြတ်ခဲ့မှုများ၌ ပါဝင်ပတ်သက်ကြောင်း စွဲချက်ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်ဟု rt.com တွင် သတင်းဖော်ပြထားသည်။

ဆီးရီးယားပဋိပက္ခအတွင်း ဒမတ်စကတ်မြို့ရှိ အယ်လ်ခါတစ်ဘ်အကျဉ်းထောင်စခန်း၌ အကျဉ်းသား ၂၇ ဦးကို သတ်ဖြတ်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း အန်နဝါရက်စလန်နှင့်ပတ်သက်၍ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဂျာမနီနိုင်ငံ၊ ကိုဘလန့်ဇ်မြို့ရှိ တရားရုံးတစ်ရုံးက ပြောကြားခဲ့သည်။

အသက် ၅၈ နှစ်အရွယ်ရှိ အန်နဝါရက်စလန်သည် ဆီးရီးယားနိုင်ငံတွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့စဉ်က အကျဉ်းသားများကို ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ရန် စေခိုင်းအမိန့်ပေးခဲ့သည်ဟု အစွပ်စွဲခံ ထားရသည်။

ယင်းရာဇဝတ်မှုများကို ၎င်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ဆီးရီးယားပြည်တွင်း ပဋိပက္ခ အစောပိုင်း ကာလ၌ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအမှုနှင့်ပတ်သက်၍ ဘာလင်က ဆီးရီးယားနိုင်ငံသား အန်နဝါရက်စလန်ကို တရားစီရင်ပိုင်ခွင့် တောင်းဆို ထားသည်။ ယင်းကဲ့သို့ပြစ်မှုမျိုးအတွက် လက်ရှိတရားစီရင်ရေးသီအိုရီများအရ အချို့ရာဇဝတ်မှုများသည် မည်သည့်နေရာ၌ ကျူးလွန်သည်ဖြစ်စေ ရက်စက်ကြမ်းကြုတ်စွာကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လျှင် မည်သည့်နိုင်ငံသားကိုမဆို တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု များအပေါ် တရားစွဲဆိုပိုင်ခွင့်နှင့်တရားစီရင်ပိုင်ခွင့်အယူအဆတို့ကို ၂၀၀၂ ခုနှစ်မှစတင်၍ ဂျာမန်တရားစီရင်ရေး စနစ်အတွင်း စတင်လက်ခံကျင့်သုံးခဲ့သည်။

အဆိုပါ ရက်စလန်၏အမှုကို ဂျာမနီနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် အစပျိုး စစ်ဆေးကြားနာခဲ့သည်။

Photo-AFP

ယင်းနောက် ယမန်နှစ် ဖေဖော်ဝါရီလတွင် ၎င်းအမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ငယ်ရွယ်သူ ဒုတိယမြောက် တရားခံ အီယက်အယ်လ်ဂါရစ်ဘ်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာဆက်စပ်မှုဖြင့် ထောင်ဒဏ် ၄ နှစ်နှင့် ၆ လ ချမှတ်ခဲ့သည်။

ဂျာမန်တရားစွဲဆိုမှုအနေဖြင့် ရက်စလန်အပေါ် ပထမထောင်ဒဏ် ၁၅ နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုခဲ့သည်။

အဆိုပါဆီးရီးယားအရာရှိဟောင်းသည် လူပေါင်း ၄,၀၀၀ ခန့်ကို ဓါးစာခံလုပ်ရာတွင် ပါဝင်လုပ်ဆောင် ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။

၎င်းတို့နှစ်ဦးစလုံးသည် ဆီးရီးယားစစ်ပွဲအစောပိုင်းတွင် အစိုးရတပ်ဖွဲ့များထဲမှ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ဂျာမနီနိုင်ငံသို့ ခိုလှုံခွင့်မတောင်းခံမီ အခြားနိုင်ငံများတွင် နေထိုင်ခဲ့ကြကြောင်း သိရသည်။

၎င်းတို့၏ကျူးလွန်ခြင်းကို ခံစားခဲ့ရသူများက ရက်စလန်အပါအဝင် နှစ်ဦးကို သက်သေအထောက်အထားအဖြစ် သိရှိမှတ်မိခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးနိုင်ခဲ့သည်။

ဂျာမနီနိုင်ငံသည် ရာဇဝတ်မှုကျူးလွန်ခံရသူများအတွက် တရားမျှတသည့်နေရာတစ်ခုဖြစ်ကြောင်း ဆီးရီးယား အစိုးရအပေါ် အတိုက်အခံပြုလုပ်နေသူများက ချီးကျူးခဲ့ကြသည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) အမှုဆောင်ဒါရိုက်တာ ကန်နက်ရို့သ်က ယခုစီရင်ချက်ကို သမိုင်းဝင် ကြောင်း ပြောကြားခဲ့သည်။ HRW သည် ရက်စလန်အပါနှစ်ဦး၏အမှုအတွက် အထောက် အထားအချို့ ပံ့ပိုးပေး ခဲ့သည်။

Source: rt.com