လန်ဒန်၊ ဇန်နဝါရီ ၁၄

လွှတ်တော်အတွင်းသို့ ထောက်လှမ်းရေးအေးဂျင့်တစ်ဦး စိမ့်ဝင်နေကြောင်း MI-5 က သတိပေးခဲ့ပြီးနောက် ဗြိတိန် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း တရုတ်က အတိအလင်းငြင်းဆိုခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက သတင်းဖော်ပြသည်။

ခရစ္စတင်းချင်ကိုင်လီသည် တရုတ်ကွန်မြူနစ်ပါတီလိုလားသည့် ဗြိတိသျှလွှတ်တော်အမတ်များနှင့် ချိတ်ဆက် ခဲ့ကြောင်း ဗြိတိန်၏ကမ္ဘာကျော်လုံခြုံရေးနှင့်ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် MI-5 က ပြောကြားခဲ့သည်။

ချင်ကိုင်လီသည် လေဘာပါတီမှ အမတ်ဖြစ်သူ ဘယ်ရီဂါဒီနာအပါအဝင် ဗြိတိန်နိုင်ငံရေးသမားများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း၊ ဘယ်ရီဂါဒီနာက ထောက်ပံ့ငွေ စတာလင်ပေါင် ၄၂၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစွပ်စွဲချက်ကို လန်ဒန်မြို့ရှိ တရုတ်သံရုံးက ငြင်းဆိုခဲ့ပြီး ဗြိတိန်ပြည်တွင်းရှိ တရုတ်လူမျိုးအသိုင်းအဝိုင်းကို အပုပ်ချပြီး ခြိမ်းခြောက်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

 

“မိမိတို့သည် အခြားမည်သည့်နိုင်ငံခြားလွှတ်တော်တွင်မဆို တန်ခိုးဩဇာဝယ်ယူရန် မည်သည့်အခါမှ လိုအပ်ချက် မရှိခဲ့ကြောင်း၊ ဗြိတိန်ရှိ တရုတ်အသိုင်းအဝိုင်းအပေါ် အပုပ်ချခြင်းနှင့်ခြိမ်းခြောက်ခြင်းလှည့်ကွက်ကို မိမိတို့ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း” တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

MI-5 ၏ သတိပေးချက်အရ ဗြိတိန်လွှတ်တော်အတွင်းသို့ ချင်ကိုင်လီပါဝင်ပတ်သက်နေမှုသည် ဗြိတိန်-တရုတ် နွယ်ဖွားများကို ကိုယ်စားပြုပြီး မတူကွဲပြားမှုများကို တိုးပွားစေသည်ဟု သိရသည်။

သို့သော် ယင်းသို့လွှတ်တော်အတွင်းသို့ စိမ့်ဝင်လှုပ်ရှားခြင်းကို တရုတ်နှင့်ဟောင်ကောင်တို့ရှိ တိုင်းတပါးသားများ ရန်ပုံငွေထောက်ပံ့လုပ်ငန်းတစ်ခုဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ (CCP) ၏ ရှေ့တန်းလှုပ်ရှားမှု ပေါင်းစည်းဌာန (UFWD) နှင့် လျှို့ဝှက်ညှိနှိုင်းလျက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း MI-5 က ပြောကြားခဲ့သည်။

UFWD သည် ဗြိတိန်နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအတွက် အဆင်သင့်ဖြစ်စေရန်နှင့် လူ့အခွင့်အရေးအပါအဝင် ပါတီအပေါ်စိုးရိမ်ပူပန်စရာများကို စိန်ခေါ်ဖြေရှင်းနိုင်ရန်၊ ဩဇာတိက္ကမကြီးမားသည့်ပုဂ္ဂိုလ်များနှင့် ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းနေကြောင်း MI-5 က စွပ်စွဲထားသည်။

ချင်ကိုင်လီသည် ဗြိတိန်ရောက် တရုတ်အသိုင်းအသိုင်းများ၊ ယခုဖျက်သိမ်းလိုက်ပြီဖြစ်သော ပါတီပေါင်းစုံဆိုင်ရာ လွှတ်တော်အုပ်စုအပါအဝင် ဗြိတိန်နိုင်ငံရေးနယ်ပယ်မှ လူပုဂ္ဂိုလ်အတော်များများနှင့် ထိတွေ့ဆက်ဆံမှုများ ရှိခဲ့ကြောင်း MI-5 က ဖော်ထုတ်ခဲ့သည်။

Source: BBC