အော်စလို၊ ဇန်နဝါရီ ၁၄

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အီသီယိုပီးယားဝန်ကြီးချုပ် အေဘီအာမက်၏ တီဂရေးဒေသ စစ်ပွဲ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတို့နှင့် စပ်လျဉ်း၍ နော်ဝေနိုင်ငံ၊ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဇန်နဝါရီ ၁၃ ရက်တွင် သတိပေးချက် တစ်ရပ် ရှားရှားပါးပါး ထုတ်ပြန်ကာ ဝေဖန်ထောက်ပြခဲ့ကြောင်း အေပီသတင်းမှ ဖော်ပြထားသည်။

အီသီယိုပီးယားဝန်ကြီးချုပ် အေဘီအာမက်သည် ၂၀၁၉ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သူဖြစ်သည်။

“ဝန်ကြီးချုပ်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သူ အေဘီအာမက်သည် ပဋိပက္ခများ အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုရန် အထူးတာဝန်ရှိသည်” ဟု နော်ဝေနိုင်ငံ၊ အော်စလိုမြို့အခြေစိုက် နိုဘယ်ဆုရွေးချယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အေဘီအာမက်သည် အိမ်နီးချင်း အီရီထရီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် တစ်စိတ်တစ်ပိုင်း ပါဝင်ဆောင်ရွက်ခဲ့၍ အာဖရိကတိုက်၏ အရှည်ကြာဆုံး ပဋိပက္ခတစ်ခုဖြစ်သည့် အီရီထရီးယားအရေးကိစ္စအပြီးတွင် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကော်မတီက ပြောသည်။

သို့သော် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အီသီယိုးပီးယား နိုင်ငံရေးတင်းမာမှုများ စတင်ခဲ့ပြီးနောက် တီဂရေးဒေသရှိ ခေါင်းဆောင်များနှင့် သဟဇာတဖြစ်ရေးအတွက် အေဘီအာမက်အစိုးရက အိမ်နီးချင်း အီရီထရီးယားနိုင်ငံမှ တပ်ဖွဲ့များကို တီဂရေးဒေသသို့ ဝင်ခွင့်ပေးခဲ့သည်။

ဝန်ကြီးချုပ်အေဘီအာမက်ကိုတွေ့ရစဉ်။(AP)

ယမန်နှစ် ဇွန်လနှောင်းပိုင်းကတည်းက  တီဂရေးဒေသအတွက်ရရှိသည့် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ အားလုံးနီးပါးကို အစိုးရက သိမ်းဆည်းထားသဖြင့် ထိုဒေသတွင် လူပေါင်းသောင်းနှင့်ချီ၍ သေဆုံးခဲ့ပြီး အငတ်ဘေးဆိုက်သူများမှာ သိန်းနှင့်ချီခဲ့ သည်။

“တီဂရေးလို လောကငရဲကို ကျနော်တို့ကမ္ဘာပေါ်မှာ ဘယ်နေရာမှ မမြင်ရပါဘူး” ဟု ကမ္ဘာ့ကျန်းရေးအဖွဲ့ (WHO) ညွှန်ကြား ရေးမှူးချုပ် တတ်ရို့စ်အတ်ဟန်နွန် ဂေဘရယ်ရက်စုက ပြောကြားခဲ့သည်။ WHO ထံမှ တီဂရေးဒေသသို့ ဆေးဝါးများ ပေးပို့ရန် ခွင့်ပြုချက်အတွက် WHO ၏ ချဉ်းကပ်မှုများမှာ အဟောသိကံဖြစ်ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“လူသားချင်းစာနာ ထောက်ထားမှု အခြေအနေဟာ အင်မတန်ဆိုးရွားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဟာ လုံလောက်တဲ့ အတိုင်းအတာအထိ ထွက်ပေါ်လာခြင်း မရှိပါဘူး” ဟု နော်ဝေနိုဘယ်ဆုကော်မတီ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

စစ်ဆင်ရေးဆိုင်ရာ ထိုးစစ် အသစ်တစ်ခုကြားတွင် တီဂရေးဒေသခံ တပ်ဖွဲ့များသည် ၎င်းတို့ဒေသသို့ ပြန်ဆုတ်သည့်အခါ အီသီယိုးပီးယား ပြည်တွင်းပဋိပက္ခသည် ပြီးခဲ့သည့် ဒီဇင်ဘာလ၌ ပိုမိုပြင်းထန်သည့် အဆင့်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။ ထိုဒေသသို့ အီသီယိုးပီးယားအစိုးရတပ်များက ထပ်မံထိုးဖောက်ခြင်း မရှိတော့ကြောင်း တီဂရေးတပ်များက ပြောသည်။

သို့သော် ယခင်သီတင်းပတ် အကုန်ပိုင်းတွင် တီဂရေးဒေသတဝိုက် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ကြောင်း အကူအညီပေးရေးဝန်ထမ်းများက ပြောကြားခဲ့သည်။

အေဘီအာမက်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ တယ်လီဖုန်းခေါ်ဆိုကြသည့် ဇန်နဝါရီ ၁၀ ရက်တွင် နောက်ထပ် လေကြောင်း တိုက်ခိုက်မှုများကြောင့် လူ ၁၇ ဦးသေဆုံးခဲ့ပြီး ယင်းအခြေအနေများအပေါ် စိုးရိမ်မှုများ တိုးလာခဲ့သည်။

Source: AP