CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ်ကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရခြင်းကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းအဖွဲ့သည် ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်က ဆောင်နိုင်ကြီးရွာ ဘက်မှ မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်မွန်းချောင် တောင်တက်ကားဂိတ်အား ပစ်ခတ်ပြီး ဆောင်နိုင်ကြီးရွာဘက်သို့ ပြန်လည် ထွက်သွားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA/PDF ပူးပေါင်းအဖွဲ့ ပစ်ခတ်မှုခဲ့သည်ဆိုသော အခြေပြမြေပုံကို နစကထုတ်ပြန်

အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

ကျိုက်ထီးရိုး ကင်မွန်းချောင်တွင် ဈေးဆိုင်ဖွင့်ထားသူ တစ်ဦးက “ တောင်တက်ကားဂိတ်ကို ပစ်ခံလိုက်ရတာတော့ ဟုတ်တယ်။ ဘယ်သူ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ သေချာမသိဘူး။ သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေတော့ ရှိတယ်”ဟု ပြောသည်။

ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး KNLA နှင့် အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့(NUG)ဘက်က အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီကျော်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။