အဘူဂျာ၊ ဇန်နဝါရီ ၁၃

နိုင်ဂျီးရီးယားနိုင်ငံတွင် တွစ်တာလူမှုကွန်ရက် ဝင်ရောက်သုံးစွဲနိုင်မှုကို ၇ လကြာ ပိတ်ပင်တားမြစ်ခဲ့ပြီးနောက် ယခု ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက သတင်းဖော်ပြသည်။

ဒေသတွင်းခွဲထွက်ရေးသမားများကို အရေးယူရန် အမိန့်ပေးခဲ့သည့် သမ္မတ မူဟမ်မက်ဒူဘာဟာရီ၏ တွစ်တာ စာမျက်နှာကို ကုမ္ပဏီက ဖျက်သိမ်းလိုက်ပြီးနောက် နိုင်ဂျီးရီးယားအစိုးရက ၎င်းတို့ပြည်တွင်း တွီတာ ဝင်ရောက် သုံးစွဲနိုင်မှုကို ယမန်နှစ် ဇွန်လမှစ၍ တားမြစ်ပိတ်ပင်ထားခဲ့သည်။

အဆိုပါလူမှုကွန်ရက်မီဒီယာသည် ခွဲထွက်ရေးသမားများ ဘက်လိုက်နေကြောင်း နိုင်ဂျီးရီးယားအာဏာပိုင်များက စွပ်စွဲခဲ့ကြသည်။ သို့သော် နိုင်ဂျီးရီးယားနိုင်ငံတွင် ၎င်း၏ဌာနေရုံးဖွင့်လှစ်ခြင်းအပါအဝင် အခြေအနေများကို တွစ်တာက သဘောတူခဲ့ပြီးနောက် အစိုးရအနေဖြင့် ယခင်တားမြစ်ပိတ်ပင်မှုများကိုပါ ပြန်ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအပြောင်းအလဲအရ အာဖရိကတိုက်တွင် လူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော နိုင်ဂျီးရီးယားတွင် သန်းနှင့်ချီသောပြည်သူများ တွစ်တာပလက်ဖောင်းကို ပြန်လည်သုံးစွဲနိုင်တော့မည်ဖြစ်သည်။

ယမန်နှစ်က သုံးစွဲခွင့် တားမြစ်ပြီးနောက် တွစ်တာသုံးစွဲသူအချို့က VPNs ဟု အတိုကောက်ခေါ်သည့် virtual private networks ဖြင့် တွစ်တာဝက်ဘ်ဆိုက်သို့ ဝင်ရောက်ခဲ့ကြသော်လည်း မီဒီယာအဖွဲ့အစည်းများအပါအဝင်  ယင်းသို့ဝင်ရောက်ကြသူများကို အစိုးရက အာဏာသုံး၍ အဟန့်အတားပြုမည်ဟု ပြောကြားခဲ့သည်။ ထို့သို့ နိုင်ဂျီးရီးယား၏လုပ်ရပ်ကို နိုင်ငံတကာက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ရှုတ်ချအပြစ်တင် ခဲ့သည်။

ယခု ပြည်တွင်း၌ မှတ်ပုံတင်ရန် တွစ်တာ၏ဆုံးဖြတ်ချက်သည် နိုင်ဂျီးရီးယားအစိုးရအတွက် ကတိကဝတ် ရှိကြောင်း ပြသခဲ့သည်ဟု နိုင်ငံ၏သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးရေးအေဂျင်စီက ပြောကြားခဲ့သည်။

ပိတ်ပင်တားမြစ်ထားမှု ပြန်လည်ရုပ်သိမ်းရန် နိုင်ဂျီးရီးယားအစိုးရ၏ဆုံးဖြတ်ချက်အပေါ် တွစ်တာက သဘောထား မှတ်ချက် တစုံတရာမပေးသေးပေ။

နိုင်ဂျီးရီးယား၏ ကော်ပိုရိတ်(စီးပွားရေး)တည်ရှိမှု ပျက်ပြားစေရန် သတင်းအတုအယောင်များထွက်ပေါ်နေသည်ဟု အကြောင်းပြလျက် ယမန်နှစ်က အစိုးရသည် တွစ်တာအား ပိတ်ပင်ရန် အင်တာနက်ဝန်ဆောင်မှုပေးသူများကို အမိန့်ပေးခဲ့သည်။

၁၉၆၇-၁၉၇၀ နိုင်ဂျီးယားပြည်တွင်းစစ်ကို ရည်ညွှန်းသည့် သမ္မတဘာဟာရီ၏ ပို့စ်ကို တွစ်တာက ဖယ်ရှားလိုက်ပြီး နောက် ယင်းသို့ပိတ်ပင်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

တွစ်တာသည် နိုင်ဂျီးရီးယားနိုင်ငံသားများကြားတွင် ရေပန်းစားနေပြီး ယင်းလူမှုမီဒီယာပလက်ဖောင်းကို စည်းရုံးရေးကိရိယာတစ်ခုအဖြစ် အသုံးချနေကြသည်။

နိုင်ဂျီးရီးယားရဲတပ်ဖွဲ့၏ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများတွင် တက်ကြွလှုပ်ရှားသူများက တကမ္ဘာလုံးအာရုံစိုက်လာစေခဲ့သည့် #EndStars ဟူသော hashtag ကို ရေးသားလွှင့်တင်ခဲ့ကြသည်။

Source: BBC