၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃
တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ မြန်မာမွတ်ဆလင် ၅၉ ဦးအား မြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ ကြောင်း အမှတ်(၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ ရဲမှူးမင်းနိုင်က CNI သို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာနိုင်ငံမှ မွတ်ဆလင် ၂၀၀၀ ကျော်အား တရုတ်ဘက်မှ ပြန်လည် လွှဲပြောင်းပေးမည်ဟု တာဝန်ရှိသူများထံ အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက် ယခုကဲ့သို့ စတင် လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။
အမှတ်(၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ ရဲမှူးမင်းနိုင်က “မနေ့က ၁၅ ယောက် ဟိုတနေ့က ၄၄ ယောက် စုစုပေါင်း ၅၉ ယောက်လောက် ပြန်ရောက်ပြီလို့ သိရတယ်။ စိစစ်တာကတော့ လ.ဝ.က က စိစစ်တာဗျ။ တရုတ် ဘက်ကနေ လွှဲတယ်ဆိုလို့ရှိရင် နန်းတော်ဂိတ်မှာ လ.ဝ.က ကို အရင်ဖြတ်တယ်။ လ.ဝ.က ကတော့ မြန်မာနိုင်ငံသား မှန်/မမှန် စိစစ်တာပေါ့။ အဲ့တော့ မြန်မာနိုင်ငံသားမှန်မှ လက်ခံလို့ရတာလေ။ မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုရင် သူလက်ခံလို့ မရဘူး လေ။ မြန်မာနိုင်ငံသား မှန်/မမှန် စိစစ်ပြီးတာပေါ့ လ.ဝ.က က။ စိစစ်ပြီးမှ မှန်ကန်တယ်ဆိုရင် ကျနော်တို့ ဒီဘက်က လက်ခံ တာပေါ့နော်”ဟု CNI သို့သည်။
ပြန်လည် လွှဲပြောင်းပေးခဲ့သည့် မွတ်ဆလင် ၅၉ ဦးသည် တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်သူများဖြစ်ကြောင်း၊ တရုတ် ဘက်မှ ပြန်လည် လွှဲပြောင်းပေးသူများအား ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးပြီးမှသာ လွှဲပြောင်းခြင်းဖြစ်ကြောင်း၊ လ.ဝ.ကမှ မြန်မာနိုင်ငံသား မှန်/မမှန် စစ်ဆေးပြီး မှန်ကန်ပါက နေရပ်သို့ ပြန်ပို့ကြောင်း သိရသည်။
တရုတ်/မြန်မာ နယ်စပ်ပေါက်ကို တွေ့ရစဉ်။
ယခုလက်ရှိတွင် တရုတ်ဘက်မှ လွှဲပြောင်းပေးသည့် ပြည်တော်ပြန်များအား မြန်မာဘက်မှ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ တို့တွင် လက်ခံပေးနေကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသူများထဲတွင် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ မော်လမြိုင် ဒေသတို့မှ မွတ်ဆလင်များ ပါဝင်ကြောင်း၊ ထိုအထဲတွင် အထောက်အထားမဲ့များလည်းရှိကြောင်း၊ ယခုပြန်လည် လွှဲပြောင်း ပေးသည့် မွတ်ဆလင် ၅၉ ယောက်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးဖြစ်ကြောင်း ရဲမှူးမင်းနိုင်က ပြောသည်။
ရဲမှူးမင်းနိုင်က “ကျနော်တို့ တရုတ်ဘက်ကနေ မြန်မာဘက်ကို ပြန်လွှဲတဲ့ ဟာများနေတော့ တရုတ်ကလည်း သူတို့ ဟိုဘက် မှာ ရွှေလီဘက်မှာ ဒီဘက်ကို အကုန်လုံး ပြန်လွှတ်မှာဆိုတော့ ရှင်းရှင်းပြောရရင် ပြန်လာတာ အကောင်းဆုံးပေါ့။ ကိုယ့်နိုင်ငံ ကိုယ့်ဒေသကို ပြန်လာတာ အကောင်းဆုံးဖြစ်ပြီးတော့မှ နောက်တစ်ခါ သူတို့နိုင်ငံ ပြန်ပြီးတော့ လက်ခံမှသာ ဒီဘက်က တရားဝင်ကဒ်တွေနဲ့ ပြန်သွားဖို့ပေါ့။ တရားဝင်ကဒ်နဲ့ မဟုတ်ဘဲနဲ့ ခိုးပေါက်ကနေ သွားမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဘက် ကို ပြန်လာတဲ့ အချိန်ကျလို့ရှိရင် လ.ဝ.က အက်နဲ့ အရေးယူခြင်းတွေ ခံရနိုင်တယ်လေ။ ဒါ့ကြောင့်မို့လို့ ကျနော်တို့က တရုတ် နိုင်ငံဘက်ကို တကယ်လို့ အခွင့်အခါကောင်းလို့ တရုတ်နိုင်ငံဘက်က ပြန်ဖွင့်မယ်ဆိုလို့ရှိရင် တရားဝင်ကဒ်နဲ့ ပြန်ဝင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု CNI သို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးနှင့်ပန်ဆိုင်းကြားရှိ နယ်စပ်လမ်းမှ မွတ်ဆလင် ၁၀၀ ကျော်ကို တရုတ်ဘက်မှ မြန်မာဘက်သို့ အကြောင်းမကြား အသိမပေးပဲ ပို့ဆောင်ခဲ့သည့်အတွက် ပန်ဆိုင်းရဲစခန်းတွင် စစ်ဆေးခံရမှု များ ရှိခဲ့သည်။