ဝါရှင်တန်၊ ဇန်နဝါရီ ၁၃

ဒေါ်နယ်ထရမ့်ထောက်ခံသူများမှ ကွန်ဂရက်(လွှတ်တော်)တည်ရှိရာ ကာပီတယ်အဆောက်အအုံကို ဝင်ရောက် စီးနင်းပြီး တစ်နှစ်အကြာ အမေရိကန်နိုင်ငံသား ၁၀ ဦးတွင် ၆ ဦးသည် နိုင်ငံ၏ဒီမိုကရေစီ ပြိုလဲမည့် အန္တရာယ် ရှိနေသည်ဟု ယုံကြည်ကြောင်း ဇန်နဝါရီ ၁၂ တွင် ထုတ်ပြန်သော စစ်တမ်းတစ်စောင်အရ သိရသည်။

ကွင်စီပေ့ (Quinnipiac) တက္ကသိုလ်၏စစ်တမ်းကောက်ယူမှု၌ ပါဝင်ဖြေဆိုသူ ၇၆ ရာခိုင်နှုန်းတို့က အမေရိကန် နိုင်ငံရေးမတည်ငြိမ်မှုသည် နိုင်ငံရပ်ခြားမှခြိမ်းခြောက်မှုများထက် ပိုမိုကြီးမားသော အန္တရာယ်တစ်ခုဟု ၎င်းတို့ ထင်မြင်မိကြောင်း ပြောကြားခဲ့သည်။

ဝင်ရောက်ဖြေဆိုသူများထဲမှ အများစု ၅၈ ရာခိုင်နှုန်းတို့ကလည်း အမေရိကန်အန္တရာယ်ရှိနေပြီဟု ယူဆကြသည်။ အခြား ၃၇ ရာခိုင်နှုန်းကတော့ ထိုအန္တရာယ်ရှိကြောင်း သဘောမတူကြပေ။

တစ်ချိန်တည်းမှာပင် ပြည်တွင်း၌ နိုင်ငံရေးသဘောထားကွဲလွဲမှုများသည် ၎င်းတို့သက်တမ်းတလျှောက် ပိုမို ဆိုးရွားမည်ဟု မျှော်မှန်းမိကြောင်း စစ်တမ်းပါဝင်ဖြေဆိုသူ ၅၃ ရာခိုင်နှုန်းတို့က ပြောကြားခဲ့ကြသည်။

ကွန်ဂရက်လွှတ်တော်ကဲ့သို့ အမေရိကန်တွင် နောက်ထပ်တိုက်ခိုက်မှုဖြစ်နိုင်ခြေနှင့်ပတ်သက်၍ သဘောထား ဆက်လက်တောင်းခံခဲ့ရာ စစ်တမ်းဖြေဆိုသူ ၅၃ ရာခိုင်နှုန်းတို့က အလွန်ဖြစ်နိုင်ခြေရှိကြောင်း (သို့မဟုတ်) အတန် ငယ်ဖြစ်နိုင်ခြေရှိကြောင်း မှတ်ချက်ပေးခဲ့ကြသည်။  

အောက်လွှတ်တော်၏ အထူးကော်မတီသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် ကာပီတယ်အဆောက်အအုံ စီးနင်း ခံရမှုကို စုံစမ်းနေခြင်းအား ယခုစစ်တမ်းပါဝင်ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက ထောက်ခံကြသည်။ စစ်တမ်းတွင် ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူ ၈၃ ရာခိုင်နှုန်း အထိရှိနေပြီး ရီပတ်ဘလစ်ကန်ပါတီကို ကန့်ကွက်သူ ၆၀ ရာခိုင်နှုန်း တွေ့ရသည်။

ဘိုင်ဒန်သည် ပြီးခဲ့သည့်နိုဝင်ဘာလ၌ ကွင်စီပေ့တက္ကသိုလ်၏စစ်တမ်းတစ်ခုတွင်လည်း အလုပ်သဘောအဆင့် သဘောတူညီမှုရာခိုင်နှုန်းမှာ ၃၈ ရာခိုင်နှုန်းအထိ ရရှိခဲ့ဖူးသည်။

အဆိုပါစစ်တမ်းကောက်ယူမှုတွင် အမေရိကန်နိုင်ငံတဝန်း အရွယ်ရောက်ပြီးသူ ၁,၃၁၃ ဦးထံမှ သဘောထားများကို ယခုဇန်နဝါရီ ၇ ရက်မှ ၁၀ ရက်အတွင်း တောင်းခံခဲ့ခြင်းဖြစ်ပြီး အပေါင်း (သို့မဟုတ်) အနုတ်လက္ခဏာ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ကွင်စီပေ့တက္ကသိုလ်က ပြောသည်။

Source: AFP, Bangkok Post