CNI International News

ဂျေရုဆလင်၊ ဇန်နဝါရီ ၁၃

အီရန်ထောက်လှမ်းရေးကွန်ရက်တစ်ခုသည် အွန်လိုင်းမှ ဖေ့စ်ဘွတ်ခ်သုံး၍ အမေရိကန်နှင့်အခြားလှုပ်ရှားမှုကို ဓာတ်ပုံရိုက်ကူးစုံစမ်းရန် ကြိုးကိုင်ထားရေးအတွက် ဂျူးအမျိုးသမီးများကို စုဆောင်ခဲ့ကြောင်း အစ္စရေး ပြည်တွင်း လုံခြုံရေးအေဂျင်စီတစ်ခုဖြစ်သည့် ရှင်းဘတ်(Shin Bet)အေဂျင်စီက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမည်မသိအမျိုးသမီးများကို ၎င်းတို့ကိုယ်ကို ရမ်ဘော့နမ်ဒါ (Rambod Nambar) ဟုခေါ်သည့် အီရန် အေးဂျင့် တစ်ဦးက ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အီရန်နိုင်ငံတွင် နေထိုင်သော ဂျူးလူမျိုးဖြစ်ကြောင်း အစ္စရေး အေဂျင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“မေးခွန်းထုတ်စရာဖြစ်လာတဲ့ ဒီအမျိုးသားဟာ အီရန်ထောက်လှမ်းရေးရဲ့စစ်ဆင်ရေးအတွက် အမျိုးသမီးတွေကို အသုံးချဖို့ ကြိုးစားတယ်လို့ သံသယရှိပေမယ့် တချို့အမျိုးသမီးတွေက သူနဲ့ အဆက်အသွယ်မပြတ်ကြဘူး။ သူ ခိုင်းတဲ့အလုပ်မျိုးစုံ လုပ်ပေးဖို့ အဲဒီအမျိုးသမီးတွေက သဘောတူကြပြီး ဒီလူ့ဆီကနေ ရန်ပုံငွေထောက်ပံ့တာကို ယူခဲ့ကြတယ်” ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ဖေ့စ်ဘွတ်ခ်မှ ဂျူးအမျိုးသမီးများကို ချဉ်းကပ်ပြီးနောက် ရမ်ဘော့သည် စကားဝှက်ကုတ်များဖြင့် စာတိုပေးပို့သည့် WhatsApp ကို ဆက်လက်သုံးစွဲရန် ဆက်သွယ်စေခိုင်းခဲ့ကြောင်း ရှင်းဘတ်အေဂျင်စီ၏ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူ ၄ ဦးရှိကြောင်း၊ ၎င်းတို့ကို အစ္စရေးက စွဲချက်တင်ထားကြောင်း သိရသည်။

အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည့် ရမ်ဘော့နှင့် နှစ်အတန်ကြာ အဆက်အသွယ်ရရှိပြီးနောက် ၎င်း ခိုင်းစေတာဝန်ပေးမှု (မစ်ရှင်) များကို လုပ်ဆောင်ခဲ့သည်။

အဆိုပါအမျိုးသမီးသည် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ရှိ အမေရိကန်သံရုံးကို လျှို့ဝှက်ဓါတ်ပုံရိုက်ကူးခြင်းနှင့် သူ့ ဇာတိမြို့ဖြစ်သည့် ဟိုလုံမြို့ရှိ အစ္စရေးပြည်ထဲရေးရုံးအတွင်း ဓါတ်ပုံရိုက်ကူးခြင်းတို့ ပြုလုပ်ခဲ့သည်။

ယင်းအမျိုးသမီးကို တာဝန်မထမ်းဆောင်စေမီ ရမ်ဘော့က အမျိုးသမီး၏သားဖြစ်သူအား ထောက်လှမ်းရေးရုံးသို့ အရေးကြီးစာရွက်စာတမ်းများ ရယူရန် ရည်ရွယ်ချက်ရှိရှိဖြင့် လမ်းညွှန်စေခိုင်းခဲ့ကြောင်း ရှင်းဘတ်အေဂျင်စီက စွပ်စွဲထားသည်။

ထို့ပြင် အသက် ၅၇ နှစ်ရှိ အခြားသံသယရှိသူတစ်ဦးကိုလည်း ၎င်း၏သားအား အစ္စရေးစစ်ထောက်လှမ်းရေးထံသို့ ပို့ဆောင်ရန် တာဝန်ပေးခဲ့သည်။

လေးနှစ်တာကာလအတွင်း ၎င်းသည် အကြိမ်ကြိမ်ရရှိသော ငွေကြေးစုစုပေါင်း ဒေါ်လာ ၅,၀၀၀ ခန့်ရခဲ့ကြောင်း ရှင်းဘတ်အေဂျင်စီက ထပ်လောင်းပြောကြားခဲ့သည်။

၎င်းအမျိုးသမီးသည် သူ့ကိုခိုင်းစေသူထံသို့ ၎င်း၏ထိတွေ့ဆက်ဆံသူများ၏အချက်အလက်များကိုလည်း လွှဲပြောင်းပေးပို့ခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းစုံစမ်းစစ်ဆေးခဲ့သော ရှင်းဘတ်အေဂျင်စီက ဖြည့်စွက် ပြောကြားခဲ့သည်။

Source: AFP, Bangkok Post