CNI International News
ဖနွမ်းပင်၊ ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံ အကျပ်အတည်း အပါအဝင် အများနှင့်သက်ဆိုင်သော စိုးရိမ်စရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံ၏ ၂၀၂၂ ခုနှစ်အတွက် ဥက္ကဋ္ဌဖြစ်လာသော ကမ္ဘောဒီးယားနှင့် နီးကပ်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိန္ဒိယက ကတိပြုခဲ့သည်ဟု ဖနွမ်းပင်ပို့စ်သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆိုခွန်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန်ဂျိုင်ရှန်ကာတို့ ဇန်နဝါရီ ၁၀ ရက်က တယ်လီဖုန်းဖြင့် ဆွေးနွေးကြစဉ် ယင်းကဲ့သို့ အိန္ဒိယဘက်မှ ကတိပြုခဲ့ ခြင်းဖြစ်သည်။
တယ်လီဖုန်းမှတဆင့် ဆွေးနွေးကြစဉ် မစ္စတာဆိုခွန်က ဂျိုင်ရှန်ကာကို ယခင်သီတင်းပတ် ဟွန်ဆန်၏ မြန်မာခရီးစဉ်ရလဒ် များအား ရှင်းလင်း ပြောကြားခဲ့သည်။ထိုသို့ ရှင်းပြခဲ့ရာတွင် လက်ရှိအာဏာပိုင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဟွန်ဆန်တို့ တွေ့ဆုံမှု၌ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံ၌ လတ်တလော အကျပ်အတည်းကို ဖြေရှင်း ရန် တိုက်တွန်းခဲ့ကြောင်း အသိပေးခဲ့သည်။
ဘုံအကျိုးစီးပွားဆိုင်ရာ အခြားကိစ္စရပ်များတွင် မဲခေါင်ဒေသအတွက် အိန္ဒိယ၏ တက်ကြွစွာ ပံ့ပိုးကူညီမှုများကို ကမ္ဘောဒီးယား က ကျေးဇူးတင်ပါကြောင်းနှင့် အိုမိုက်ခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု တိုးလာခြင်းအပေါ် အိန္ဒိယပြည်တွင်း နောက်ဆုံး ကပ်ရောဂါဆိုင်ရာ လှိုင်းလုံးများကို ကျော်လွှားနိုင်မည်ဟု စိတ်ရင်းအမှန်ဖြင့် မျှော်လင့်မိပါကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆိုခွန် က ဆက်လက် ပြောကြားခဲ့သည်။
ဝန်ကြီးဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်။
“မြန်မာနှင့် အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယက အခုအခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်တဲ့။ အထူးသဖြင့် ဒီနှစ် အာဆီယံအနေနဲ့ ကမ္ဘောဒီးယားရဲ့ အရေးကြီးကဏ္ဍကို အလေးထားတယ်လို့ ပြောပါတယ်။ အရင်တစ်ပတ်က ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မှုကနေ အားရစရာ ရလဒ်တွေ သူ့ကို အကျဉ်းချုံးပြောဖို့ အခုလို တယ်လီ ဖုန်းနဲ့ ဆွေးနွေး ရတဲ့ အခွင့်အရေးကို ကျနော် ယူခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တယ်လီဖုန်းခေါ်ဆိုကြပြီးနောက် ဆိုခွန်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်သို့ ရေးသားလွှင့်တင်ခဲ့သည်။
နှစ်နိုင်ငံ ဆက်ဆံရေးအနေဖြင့် ကမ္ဘောဒီးယားနှင့်အိန္ဒိယတို့ ယခုနှစ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ကို ကျင်းပသွားကြရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
၎င်းတို့ ဆက်သွယ်ဆွေးနွေးကြပြီးနောက် အိန္ဒိယဘက်မှ ဂျိုင်ရှန်ကာကလည်း “အိန္ဒိယ-အာဆီယံ ဆက်ဆံရေး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်ရေးနှင့် မြန်မာ့အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း၊ အာဆီယံဥက္ကဋ္ဌဖြစ်လာသည့် ကမ္ဘောဒီးယားအစိုးရ နှင့် အနီးကပ် လက်တွဲသွားမည့်အကြောင်း” တွတ်ခ်တာ လူမှုကွန်ရက်ပေါ် တဆက်တည်းတွင် ရေးသားလွှင့်တင်ခဲ့သည်။
နာရိန္ဒြာမိုဒီ၏ အစိုးရလက်ထက် အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒများတွင် မကြာသေးမီနှစ်များက အပြောင်းအလဲများ ရှိခဲ့ပြီး ယခင် အရှေ့မျှော် (Look East) မူဝါဒမှ ယခု အရှေ့နှင့်ပူးပေါင်း (Act East) မူဝါဒဟု ပြင်ဆင်ခဲ့ကြောင်း၊ သဘောမှာ ၎င်း၏ အုပ်ချုပ်ရေးဆိုင်ရာ မဟာဗျူဟာ ချဉ်းကပ်မှုဖြစ်ကြောင်း ကမ္ဘောဒီးယားဒီမိုကရက်တစ်သိပ္ပံကျောင်း ပူးတွဲတည်ထောင်သူ ရိုဗန်နက်က မှတ်ချက်ချခဲ့သည်။
Source: Phnompenh Post