CNI International News
ကရာချိ ဇန်နဝါရီ ၁၂
အာဖဂန်နစ္စနိုင်ငံ၏ အရှေ့ပိုင်းတွင် ပါကစ္စတန်တာလီဘန် (TTP) အဖွဲ့မှ အကြီးတန်း ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်အစိုးရ လုံခြုံရေးဆိုင်ရာအရာရှိများက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြ သည်။
ထို ဖြစ်စဉ်ကြောင့် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များလည်း ရပ်တန့်သွားခဲ့ ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဆက်လက် ရေးသားဖော်ပြသည်။
ပါကစ္စတန် တာလီဘန်ခေါင်းဆောင်များထဲမှ လူသိများထင်ရှားသည့် ခါလစ်ဘာလ်တီသည် အာဖဂန်နစ္စတန်နိုင်ငံ၊ နန်ဂါဟာ ပြည်နယ်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက အယ်လ်ဂျာဇီးယားသို့ ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
၎င်းသည် TTP အဖွဲ့၏ပြောခွင့်ရသူအဖြစ် တာဝန်ယူခဲ့စဉ်က မိုဟာမက်ခိုရာစာနီဟု အမည်ခံယူခဲ့သည်။
“အသတ်ခံရတဲ့သူဟာ ခါလစ်ဘာလ်တီ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်” ဟု အမည်မဖော်လိုသူ လုံခြုံရေးအရာရှိက ပြောကြား ခဲ့ပြီး ပါကစ္စတန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံဘက်ခြမ်း နာဂါဟာပြည်နယ်တွင် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ဘာလ်တီကို အမည်မသိ သေနတ်သမားများက ပစ်သတ်ခဲ့ကြောင်း ပါကစ္စတန်ပြည်တွင်းမီဒီယာများက ဖော်ပြသော်လည်း ထိုသတင်းများမှာ အတည်ပြုနိုင်ခြင်း မရှိပါ။ ဘာလ်တီ အသတ်ခံရသည့် သတင်းနှင့်ပတ်သက်၍ ၎င်းတို့ စုံစမ်းစစ်ဆေး နေ ကြောင်း ပါကစ္စတန်တာလီဘန်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အသတ်ခံရသော မိုဟာမက်ခိုရာစာနီကိုတွေ့ရစဉ်။(Business Recorder)
“မူဖတီခါလစ်ဘာလ်တီဟာ (ပါကစ္စတန်တာလီဘန်)တွေထဲမှာ လက်ရှိ ဘာတာဝန်မှ မယူထားဘူးဆိုတာ သတိပြုသင့်ပါ တယ်” ဟု ၎င်းကြေညာချက်တွင် ရေးသားထားသည်။
ဘာလ်တီအမည်ခံ မူဟာမက်ခိုရာစာနီသည် ပါကစ္စတန်တာလီဘန်တို့၏ ခေတ်အဆက်ဆက် ပြောရေးဆိုခွင့်ရှိသူများထဲတွင် ထင်ရှားသူဖြစ်ပြီး လက်ရှိ ပြောရေးဆိုခွင့် တာဝန်ပေးထားသူ “အသက်ရှင် ကျန်းမာနေဆဲဖြစ်ကြောင်း” TTP က ရှင်းလင်းခဲ့ သည်။
ပါကစ္စတန်လုံခြုံရေး သတင်းရင်းမြစ်ကတော့ ဘာလ်တီသည် ပါကစ္စတန်တာလီဘန်တို့၏ အရေးပါသော ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် TTP အဖွဲ့၏ ရှင်းလင်းလျက်နှင့် ကွဲလွဲလျက်ရှိသည်။
ဘာလ်တီသည် ဩဂုတ်လတွင် တာလီဘန်တို့ ကဘူးလ်မြို့တော်ကို သိမ်းပိုက်လိုက်ပြီးနောက် အာဖဂန် ယခင်အစိုးရ၏ ဖမ်းဆီးထားခြင်းမှ ပြန်လည် လွတ်မြောက်လာပြီးနောက် မကြာသေးမီ ကာလအထိ ပါကစ္စတန်တာလီဘန်အဖွဲ့၏ စစ်ဆင်ရေးတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မသိရပေ။
ပြီးခဲ့သည့်လက ပါကစ္စတန်စစ်တပ်နှင့် TTP တို့အကြား တစ်လကြာ အပစ်အခတ်ရပ်စဲရေးမှာ သက်တမ်းမတိုးလာခဲ့ဘဲ ပြီးဆုံး သွားခဲ့သဖြင့် အာဖဂန်တာလီဘန်တို့ ကြားဝင်စေ့စပ်ပေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ရပ်တန့်သွားပုံရကြောင်း အယ်လ်ဂျာဇီးယားက သုံးသပ်ရေးသားထားသည်။
Source: Aljazeera